Moderna ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေး အလားအလာကောင်းသည့် စမ်းသပ်မှုရလဒ်များ ထွက်ခဲ့

Moderna ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေး အလားအလာကောင်းသည့် စမ်းသပ်မှုရလဒ်များ ထွက်ခဲ့

ဇူလိုင် ၁၅

အမေရိကန်ဇီဝနည်းပညာကုမ္ပဏီ Moderna ထုတ် COVID-19 ကာကွယ်ဆေး လူဖြင့် စမ်းသပ်သည့် ရလဒ်များကို သုတေသီများက ဇူလိုင် ၁၄ ရက် လေ့လာချက်တစ်ရပ်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။

ကျန်းမာရေး ကောင်းမွန်ပြီး မိမိသဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူ ၄၅ ဦး ပါဝင်ခဲ့သော လက်တွေ့စမ်းသပ်မှုသည် ကာကွယ်ဆေး၏ ဘေးကင်းမှုပိုင်းကို စမ်းသပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပြီး ရလဒ်များသည် ထိရောက်မှု ရှိသည်ကို ကနဦးပိုင်းမှာပင် ပြသနေခြင်း ဖြစ်သည်။

ဓာတ်မတည့်ရောဂါများနှင့် ကူးစက်ရောဂါများ ဆိုင်ရာ အမျိုးသားအင်စတီကျူ့မှ သုတေသီများနှင့် Moderna တု့ိ ပူးပေါင်းထုတ်လုပ်ထားသည့် ကာကွယ်ဆေး၏ ရလဒ်များကို ပြီးခဲ့သည့် မေလ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင်လည်း ပထမဆုံး ထုတ်ဖော်ထားခဲ့သေးသည်။

ယခု ကာကွယ်ဆေး စမ်းသပ်မှုတွင် အသက် ၁၈ နှစ်မှ ၅၅ နှစ်အကြား အသက်အပိုင်းအခြား ရှိ လူပေါင်း ၄၅ ဦး ပါဝင်စမ်းသပ်ခံခဲ့ကြသည်။ ပထမဆုံးသော စမ်းသပ်ခံသူကို မတ်လ ၁၆ ရက်က ဆေး ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။

ပါဝင်စမ်းသပ်ခံသူအားလုံးသည် ကာကွယ်ဆေး၏ ဆေးထိုးနှံမှု လယ်ဗယ်သုံးခုအနက် လယ်ဗယ်တစ်ခုကို ခံယူခဲ့ကြခြင်း ဖြစ်ပြီး ယင်းသည် တစ်လခန့် ခြားလျက် နှစ်ကြိမ် ထိုးနှံမှု ခံယူခြင်း ဖြစ်သည်။

ထိုကဲ့သို့ ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့စဉ် ကာကွယ်ဆေးနှင့်ပတ်သက်၍ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား ထွက်ရှိခဲ့ခြင်း မရှိသော်လည်း ပါဝင်စမ်းသပ်ခံသူ ထက်ဝက်ကျော်ခန့်သည် ပင်ပန်းနွမ်းလျခြင်း၊ ချမ်းခြင်း၊ ခေါင်းကိုက်ခြင်း နှင့် ဆေးထိုးသည့်နေရာတွင် ကိုက်ခဲခြင်း တို့ ကို ခံစားခဲ့ရသည်ဟု သိရသည်။

ယင်းနောက် ပါဝင်စမ်းသပ်ခံသူအားလုံးသည် ကိုဗစ်-၁၉ ကို ဖြစ်စေသော SARS-CoV-2 ဗိုင်းရပ်စ်ကို တုံ့ပြန်သည့် ပဋိပစ္စည်းများ ထွက်ခဲ့သည်ဟု သိရသည်။

ယင်းနောက် သုတေသီများက အဆိုပါ ပဋိပစ္စည်းများကို စစ်ဆေးခဲ့ရာတွင် ယင်းပဋိပစ္စည်းများသည် SARS-Cov-2  သဘာဝအလျောက် ကူးစက်ခံရပြီး ပြန်သက်သာသွားသူများထံမှ ယူထားသော ပဋိပစ္စည်းများကဲ့သို့ပင် ဗိုင်းရပ်စ်ကို အာနိသင် ပျက်ပြယ်စေသည်ကို သုတေသီများ တွေ့ရှိခဲ့သည်။

ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံပေးအပြီးတွင် စမ်းသပ်ခံသူများတွင် တုံ့ပြန်မှု ပိုအားကောင်းသည့် ပဋိပစ္စည်းများ ထွက်ရှိခဲ့သည်ဟု သိရသည်။

ယခုအခါ ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်သည့် ကိုယ်ခံအားတုံ့ပြန်မှုသည် ကိုဗစ်-၁၉ ကို အချိန်မည်မျှကြာကြာ ကာကွယ်ပေးနိုင်မည်လဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယင်း၏ အဖြေကို သိရရန် ယခုလေ့လာချက်တွင် ပါဝင်သူ ၄၅ ဦးကို တစ်နှစ်ကြာအထိ စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း သိရသည်။

တချိန်တည်းမှာပင် Moderna သည် လူပေါင်း ၃၀၀ ပါဝင်မည့် ကာကွယ်ဆေး ဒုတိယအဆင့် စမ်းသပ်လေ့လာမှုကို လုပ်ဆောင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly