ထိုင်းတွင် ရထားနှင့် ကား တိုက်မိရာ မြန်မာနိုင်ငံသား ၁ ဦး သေဆုံး

ထိုင်းတွင် ရထားနှင့် ကား တိုက်မိရာ မြန်မာနိုင်ငံသား ၁ ဦး သေဆုံး

ဇူလိုင် ၁၄

ထိုင်းနိုင်ငံ ရတ်ချာဘူရီ ခရိုင် ဘန်ပေါင် အရပ်တွင်  နွားတင် ပစ်ကပ်ထရပ်ကားတစ်စီးကို ရထားတစ်စင်းက တိုက်မိခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်တွင် နွားလည်း သေဆုံးခဲ့ပြီး အခြား ခရီးသည်တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံသားတစ်ဦးမှာမူ ကံအားလျော်စွာ အသက်ဘေးမှ သီသီလေး လွတ်သွားပြီး ဒဏ်ရာများသာ ရရှိသွားသည်။

ဇူလိုင် ၁၃ ရက်က Nong Kop ဘုရားကျောင်း အရှေ့ ရထားလမ်းကူးတစ်ခု၌ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားကြောင်းကို Nong Kob ဒေသခွဲ ဘန်ပေါင် ရဲစခန်းသို့ သတင်းပို့ တိုင်ကြားချက်တစ်ခု ရောက်ရှိခဲ့သဖြင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သည်။

ယင်းနောက် အခင်းဖြစ်ရာနေရာတွင် ရတ်ချာဘူရီ မှတ်ပုံတင်ထားသည့် အပြာရောင် Nissan ပစ်ကပ်ကားတစ်စီး တိမ်းမှောက်နေပြီး ဘန်ကောက်မှ ထရန်ခရိုင် Kan Tang သို့ ပြေးဆွဲသော တောင်ဘက်သို့ သွားသည့် အမြန်ရထား အမှတ် ၁၆၈ က ၀င်တိုက်ထားသည်ကို တာဝန်ရှိသူများ စစ်ဆေးတွေ့ရှိခဲ့သည်။

လမ်း၏ တစ်ဘက်ခြမ်းတွင် အသက် ၃၅ နှစ်အရွယ် မင်းမင်း (နောက်ဆုံးနာမည်စာလုံးကို ထိန်ချန်ထား) ၏ အလောင်းနှင့်အတူ ဒဏ်ရာတချို့ ရထားသည့် ရှိုး (နောက်ဆုံးနာမည်စာလုံးကို ထိန်ချန်ထား) အမည်ရ ခရီးသည်တစ်ဦးကို တာဝန်ရှိသူများ တွေ့ရှိခဲ့သည်။ အဆိုပါ ဒဏ်ရာရခဲ့သည့် ခရီးသည်ကို ဘန်ပေါင် ဆေးရုံသို့ ပို့ပေးခဲ့ပြီး ယခုအခါ အခြေအနေတည်ငြိမ်ကောင်းမွန်နေပြီဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးစလုံးသည် ရထားဖြင့် တိုက်ခံရစဉ် ကားထဲကနေ လွင့်စင်သွားခဲ့ကြသည်ဟု သိရသည်။

ယင်း ယာဉ်တိုက်မှု ဖြစ်ရာနေရာမှ မီတာ ၁၀၀ ခန့်ကွာတွင် နွားအသေတစ်ကောင်ကိုလည်း တွေ့ရှိခဲ့သည်။

ဒဏ်ရာရခဲ့သည့် ရှိုး၏ ပြောကြားချက်အရ ၎င်းနှင့် မင်းမင်းတို့သည် နခွန်ပထုံခရိုင်ရှိ သားသတ်ရုံတစ်ခုတွင် အလုပ်လုပ်နေကြသူများဖြစ်ကြောင်း၊ ယင်းအချိန်က နွားတစ်ကောင်ကို မွေးမြူရေးခြံတစ်ခုကနေ နခွန်ပထုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ ရထားသံလမ်းကို ဖြတ်ကူးစဉ် ရထားတိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ရထားသည်လည်း ထိခိုက်ပျက်စီးမှု တစ်ချို့ ရှိခဲ့ရာ သံလမ်းကနေ ဖယ်ရှားခဲ့ရသည်ဟု သိရသည်။

ယခုအခါ အဆိုပါ ရထားလမ်းကြောင်းကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်သည်။

ယင်း မတော်တဆမှု မည်သို့မည်ပုံ ဖြစ်ပွားခဲ့သလဲ ဆိုသည်ကို သိရရန် တာဝန်ရှိသူများသည် မျက်မြင်တွေ့ရှိသူများကို မေးမြန်းစုံစမ်းလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly