မြန်မာဖက်မှ ထိုင်းဖက်သို့ မက်သာဖီသမင်း မူးယစ်ဆေးများ ပြန်လည် စီးဆင်း

မြန်မာဖက်မှ ထိုင်းဖက်သို့ မက်သာဖီသမင်း မူးယစ်ဆေးများ ပြန်လည် စီးဆင်း

ဇူလိုင် ၁၄

မြန်မာအာဏာပိုင်များ၏ မကြာသေးမီက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်မှုအပေါ် ဖြိုခွင်းမှုများနှင့် COVID-19 ကပ်ဘေးကြောင့် ဖြစ်ပေါ်သော မှောင်ခိုသွင်းခြင်းများ နှောင့်နှေးမှုများအပြီးတွင် ထိုင်းဖက်သို့ မက်သာဖီသမင်းဆေးများ စတင် စီးဝင်လာပြီဟု ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေး အရာရှိချုပ်က ပြောသည်။

မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူများသည် အစောပိုင်းက စုပုံနေခဲ့သည့် မက်သာဖီသမင်းဟိုက်ဒရိုကလိုရိုဒ် ဆေးများကို အမြောက်အမြား မှောင်ခိုသွင်းနေသည်ဟု မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး ONCB ၏ အတွင်းရေးမှူးချုပ် နီယမ်သမ်ဆရီဆတ်က ပြောသည်။

“COVID-19 လုပ်ငန်းစဉ်တွေကို အစိုးရက ဖြေလျော့လိုက်တာကြောင့် မြန်မာဖက်မှာလည်း မူးယစ်ဆေးထုတ်လုပ်တာကို ပြင်းပြင်းထန်ထန် နှိမ်နင်းထားပြီး ထိုင်းနိုင်ငံမှာလည်း လော့ဒေါင်းချထားတာကြောင့် မှောင်ခိုသွင်းလို့ မရဘဲ ဖြစ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက မူးယစ်ဆေးတွေ ပြန်လည်ဝင်ရောက်လာတာပဲ ဖြစ်တယ်။”ဟု နီယမ်က ပြောသည်။

၂၀၂၀ ဘဏ္ဍာနှစ်အထိအတွက် ယခုအထိ သီးခြားစစ်ဆင်ရေး ၁၇ ခုတွင် မက်သာဖီသမင်းမူးယစ်ဆေးများ တန်ချိန် ၁၁ တန်ကို ဖမ်းဆီးရမိခဲ့သည်။ အများစုသော မက်သာဖီသမင်းများမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်ကဲ့သို့သော တတိယနိုင်ငံများသို့ ဦးတည်သည်ဟု အာဏာပိုင်များက ယူဆထားသည်။

“ထိုင်းနိုင်ငံရဲ့ ပထဝီအနေအထားအရ ရွှေတြိဂံနယ်မြေက မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ နေရာတွေနဲ့ နယ်စပ်အနီးမှာ ရှိနေတယ်။ ဒီ အခြေအနေဟာ လေကြောင်း၊ ကုန်းကြောင်းနဲ့ ရေကြောင်းတွေကနေ အခြားသော နိုင်ငံတွေဆီ မူးယစ်ဆေး မှောင်ခိုကူးကြရာမှာ ထိုင်းနိုင်ငံကို ကြားခံမဏ္ဍိုင် နယ်မြေအဖြစ် အသုံးပြုနေတာကို ရှောင်ရှားနိုင်ဖို့ ခက်စေတယ်။”ဟု နီယမ်က ဆိုသည်။

ထိုင်းနှင့် မဲခေါင်ဒေသနိုင်ငံများသည် ဒေသတွင်း၌ မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ ကျယ်ပြန့်လာခြင်းကြောင့် ပိုပြီး ဆိုးဝါးသည် မူးယစ်ဆေးဝါးပြဿနာများ အထူးသဖြင့် မက်သာဖီသမင်းမူးယစ်ဆေးပြဿနာများကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ဆိုင်ရာရုံးက မှတ်ချက်ပြုထားသည်။

၂၀၁၉ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ တန်ချိန် ၁၀ ဒသမ ၈ တန်သာ ရှိသည်ဟု ONCB ၏ လုပ်ငန်းဆောင်ရွက်မှု စင်တာအရ သိရသည်။

မေ-ဇူလိုင်မှ COVID-19 လော့ဒေါင်းဖြေလျော့သည့် ကာလအတွင်း အာဏာပို်ငများနှင့် မက်သာဖီသမင်း ၁၀၀ ကီလိုဂရမ်ကျော် မှောင်ခိုကုန်ကူးမှုနှင့် ဆက်စပ်သည့် ဖမ်းဆီးမှု ရှစ်ရပ်သာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအထိ တစ်နှစ်လုံးအတွက် ၄ ဒသမ ၃ တန်သာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly