ကယ်လီဖိုးနီးယားတွင်စီးပွားရေးလုပ်ငန်းများနှင့် ကျောင်းများကို ပိတ်

ကယ်လီဖိုးနီးယားတွင်စီးပွားရေးလုပ်ငန်းများနှင့် ကျောင်းများကို ပိတ်

ဇူလိုင် ၁၄

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တိုးလာပြီး ဆေးရုံတက်ရောက်ရမှုနှုန်း မြင့်တက်နေ၍ စီးပွားရေးလုပ်ငန်းများအပေါ် ပိတ်ပင်ကန့်သတ်ချက်အသစ်များ ချမှတ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်နယ်၏ အကြီးဆုံးသော စာသင်ကျောင်း အရပ်ဒေသနှစ်ခုဖြစ်သည့် လော့စ်အိန်ဂျလိစ်နှင့် ဆန် ဒီယေဂို တို့တွင်လည်း ကလေးများကို သြဂုတ်လအတွင်း နေအိမ်တွင်သာ နေကြရန် ညွန်ကြားချက် ထုတ်ထားသည်။

အလားတူ နိုင်ငံတွင် လူဦးရေအထူထပ်ဆုံးပြည်နယ်ရှိ ဘားများကို ပိတ်ထားရန် ပြည်နယ်အုပ်ချုပ်ရေးမှူး  ဂါဗင် နယူးဆွမ်က ညွန်ကြားခဲ့သည်။ ထို့ပြင် ပြည်နယ်တဝန်းရှိ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံများ၊ တိရစ္ဆာန်ရုံများနှင့် ပြတိုက်များကိုလည်း အမိုးအကာအောက် ရုံတွင်း လည်ပတ်လုပ်ဆောင်မှုများ ရပ်နားထားရန် ပြည်နယ်အုပ်ချုပ်ရေးမှူးက ညွန်ကြားခဲ့သည်။

အလားတူ ဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံးခံနေရသည့် ကောင်တီ ၃၀ တွင်လည်း ကျန်းမာရေးလေ့ကျင့်မှု အားကစားရုံများ၊ ဘုရားကျောင်းများနှင့် ဆံပင်ညှပ်ဆိုင်များကို ပိတ်ထားရမည်ဖြစ်သည်။

“ကာကွယ်ဆေး ဒါမှမဟုတ် ထိရောက်တဲ့ ကုထုံးတစ်ခု မရသေးသရွေ့တော့ ကိုဗစ်-၁၉ ဟာ လွယ်လွယ်နဲ့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံပေးရမယ့် တာဝန်ရှိပါတယ်” လို့ နယူးဆွမ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားခဲ့သည်။

ယခုကဲ့သို့ ပိတ်ပင်ကန့်သတ်ချက်အသစ်များ ချမှတ်ခြင်းက ကိုဗစ်-၁၉ ကူးစက်မှုဖြစ်စဉ်များ မြင့်တက်နေခြင်းကို တားဆီးနိုင်ရန်အတွက် အရေးကြီးသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး နယူးဆွမ်က ပြောသွားခဲ့သည်။

ယခုအခါ ကယ်လီဖိုးနီးယားပြည်နယ်၏ ကျေးလက်ကောင်တီတချို့ရှိ ဆေးရုံများသည်လည်း ကိုဗစ်-၁၉ ကြောင့် ဖိအားများအောက် ကျရောက်လျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly