ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသည့်အတွက် ရေဘေးရှောင်အချို့ ယနေ့အိမ်ပြန်မည်

ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသည့်အတွက် ရေဘေးရှောင်အချို့ ယနေ့အိမ်ပြန်မည်
ဓာတ်ပုံ  - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

ဇူလိုင် ၁၃ရက်

ကချင်ပြည်နယ်  ၊ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ၈၉၃ စင်တီမီတာကို ပြန်ကျသွားတဲ့အတွက် ရေဘေးရှောင် အိမ်ထောင်စု ၁၃၆ စုထဲက အိမ်ထောင်စု ၁၀၀ လောက်ဟာ ဒီကနေ့မှာ သူတို့နေအိမ်ကို ပြန်သွားကြမှာ ဖြစ်တယ်လို့  မြစ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးသန်းဝင်းက ပြောပါတယ်။

“အမှန်ကတော့ မြစ်ကြီးနားရေစင်တီမီတာက ၁၂၀၀၊ ဒါပေမယ့် ၉၅၀ စင်တီမီတာလောက်ဆိုရင် ကြက်ပေါင်ကန်ဘက်က ရေစဝင်တာပေါ့။ အခု ၁၀၄၂ စင်တီမီတာဆိုတော့ အိမ်တော့မြုပ်တာ မဟုတ်ဘူး။ ခြံထဲရေဝင်တာပေါ့။ စိုးရိမ်ပြီးတော့မှ ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ကြတာပေါ့။ အခုက ရေတွေပြန်ဆင်း သွားပြီလေ။ အခုညနေ ပြန်ရွှေ့ကြမယ်။” လို့ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောပါတယ်။

မြစ်ကြီးနားမြို့ရဲ့ အမြင့်ဆုံးရေစင်တီမီတာဟာ ၁၂၀၀ အထိရှိပြီး အခုရက်ပိုင်းအတွင်းမှာ မိုးဆက် တိုက်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၂ ရက်နေ့မှာတော့  ဧရာဝတီမြစ်ရေဟာ မြင့်တက်လာခဲ့ရာမှာ စိုးရမ်ရေမှတ် ၁၀၄၂ စင်တီမီတာ အထိ အမြင့်ဆုံးတက်ခဲ့ပါတယ်။

အဲဒါကြောင့် မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကြက်ပေါင်ခြံ၊ လယ်ကုန်း၊ မြို့သူကြီးနဲ့ ရမ်ပူရပ်ကွက်တွေကို ရေတွေဝင်ရောက်လာကြောင့် ဒေသခံ အိမ်ထောင်စု ၁၃၆ စုနဲ့ လူဦးရေ ၅၇၉ ဦးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့  မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံး တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ နေအိမ်ပြန်မယ့်သူတွေကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနကနေပြီး ခုနှစ်ရက်စာ စားနပ်ရိက္ခာ တွေ ထောက်ပံ့သွားဖို့ စီစဉ်ထားတယ်လို့လည်း သူကပြောပါတယ်။

အခုရေနစ်မြှုပ်ခဲ့တဲ့ ရပ်ကွက်တွေဟာ နှစ်စဉ်နှစ်တိုင်း မိုးရာသီဆိုရင် ရေနစ်မြှုပ်တတ်တဲ့ နေရာတွေဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်းကလည်း မြစ်ကြီးနားမြစ်ရေဟာ ၁၁၄၂ စင်တီမီတာအထိ မြင့်တက်ခဲ့တာကြောင့် အိမ်ထောင်စုပေါင်း ၂၃၀၀ ကျော်နဲ့ လူဦးရေ ၁၂၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

အခုလိုရေကြီးတာကို ဘယ်လိုကာကွယ်မလဲဆိုတာနဲ့ပတ်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းပြောတာက “လယ်ကုန်း၊ ကြက်ပေါင်ခြံ မြို့ပတ်တာပေါ့။ ကမ်းပတ်တာကို လုပ်ဖို့ဆွေးနွေးပြီးသားဖြစ် တယ်။ မြစ်ကြီးနားမြို့ ရေဘေးကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ရွှေစက်ကနေပြီးတော့မှ ကြက်ပေါင်ခြံအထိ ဆိုလို့ရှိရင် ဘီလီယံ ၅၀ အထိကုန်မယ်လို့ သိရတယ်။ လာမယ့်နှစ်ကနေပြီး နှစ်စဉ် ဘတ်ဂျတ်တွေခွဲပြီး ချမယ်လို့ သိရပါတယ်။” လို့ ပြောပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်း တိုင်းထွာချက်အရ မြစ်ကြီးနားမြို့မြစ်ရေဟာ ၈၉၃ စင်တီမီတာ၊ ဗန်းမော်မြို့မှာ ၁၀၅၂ စင်တီမီတာ၊ ရွေကူမြို့မှာ ၉၀၇ စင်တီမီတာ၊ ကသာမြို့မှာ ၉၇၁ စင်တီမီတာ ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly