သြစတြေးလျ က ဟောင်ကောင်နှင့် တရားခံလွှဲအပ်ရေး သဘောတူညီချက်ကို ဆိုင်းငံ့

သြစတြေးလျ က ဟောင်ကောင်နှင့် တရားခံလွှဲအပ်ရေး သဘောတူညီချက်ကို ဆိုင်းငံ့

ဇူလိုင် ၉

တရုတ်ပြဋ္ဌာန်းသည့် အငြင်းပွားလုံခြုံရေးဥပဒေကို ဆန့်ကျင်တုံ့ပြန်သောအားဖြင့် ဟောင်ကောင်နှင့် တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက်ကို ဆိုင်းငံ့မည်ဟု သြစတြေးလျအစိုးရက ထုတ်ပြန်ပြောကြားလိုက်သည်။

ထို့ပြင် သြစတြေးလျတွင် ကျောင်းသားဗီဇာများ သို့မဟုတ် ယာယီ ဗီဇာများဖြင့် ရောက်နေသော ဟောင်ကောင်ပြည်သူ ၁၀,၀၀၀ ကိုလည်း နိုင်ငံတွင် အမြဲတမ်းနေထိုင်သွားနိုင်မည့် လမ်းကြောင်းတစ်ခု ကမ်းလှမ်းပေးမည်ဟု သြစတြေးလျအစိုးရက ပြောသည်။

သြစတြေးလျ၏ အဆိုပါ လုပ်ဆောင်ချက်အပေါ် တရုတ်က မဆိုင်းမတွပင် ပြန်လည်တုံ့ပြန်ဝေဖန်ပြစ်တင်သွားခဲ့သည်။

အမျိုးသားလုံခြုံရေးဥပဒေကြောင့် ဟောင်ကောင်နှင့် တရားခံလွှဲပြောင်းရေး သဘောတူညီချက်နှင့်ပတ်သက်၍ အခြေခံကျသည့် အပြောင်းအလဲတစ်ခုကို လုပ်ခဲ့ရကြောင်း၊ ယခု ဆုံးဖြတ်ချက်နှင့်ပတ်သက်၍လည်း ဟောင်ကောင်နှင့် တရုတ် အာဏာပိုင်များကို တရားဝင် အသိပေးခဲ့ကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က ဇူလိုင် ၉ ရက်တွင် ပြောသည်။

သြစတြေးလျ၏ အဆိုပါလုပ်ရပ်ကို တရုတ်က ပြစ်တင်သွားခဲ့ပြီး ယင်းသည် နိုင်ငံတကာဥပဒေအပေါ် ကြီးလေးသည့် ချိုးဖောက်မှုဖြစ်ကြောင်း တရုတ်က ပြောသွားခဲ့သည်။

“ဒါက တရုတ်ရဲ့ ပြည်တွင်းရေးကိစ္စကို ကြီးကြီးမားမား စွက်ဖက်လိုက်တာပါ၊ ဒါကို တရုတ်ဘက်က လက်ခံသွားမှာမဟုတ်ပါဘူး၊ ဒါနဲ့ပတ်သက်လို့ ပြင်းထန်စွာ ရှုတ်ချပါတယ်၊ ဒါနဲ့ပတ်သက်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေကို သြစတြေးလျအနေနဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ဇူလိုင် ၉ ရက် ပေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားခဲ့သည်။

ပြီးခဲ့သည့်အပတ်က ကနေဒါနိုင်ငံကလည်း ဟောင်ကောင်နှင့် တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက်ကို ဆိုင်းငံ့ကြောင်း ကြေညာထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly