အိန္ဒိယ၏ ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သြဂုတ် ၁၅ ရက်တွင် စတင် ရရှိနိုင်ဖွယ် ရှိ

အိန္ဒိယ၏ ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သြဂုတ် ၁၅ ရက်တွင် စတင် ရရှိနိုင်ဖွယ် ရှိ

ဇူလိုင် ၅

အိန္ဒိယနိုင်ငံထုတ် ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးကို လာမည့် သြဂုတ်လ ၁၅ ရက်တွင် စတင် အသုံးပြုနိုင်ရန် ရှိနေကြောင်း သိရသည်။

အိန္ဒိယ ဆေးဝါးသုတေသန ကောင်စီ (ICMR) က Bharat Biotech (BBIL) ဇီဝနည်းပညာကုမ္ပဏီနှင့် ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး “Covaxin” ကို ထုတ်လုပ်ရန် အရှိန်မြှင့်တင် ကြိုးပမ်းအားထုတ်နေသည်။

ပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေး (BBV152 COVID ကာကွယ်ဆေး) ကို လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ရန်အတွက် အဖွဲ့အစည်းပေါင်း ဒါဇင်နှင့်ချီကို ရွေးချယ်ထားကြောင်း အစိုးရ၏ အဆင့်မြင့် ဆေးဘက်သုတေသနအဖွဲ့က ပြောသည်။

လက်တွေ့စမ်းသပ်မှုများကို အရှိန်မြှင့်တင်လုပ်ဆောင်ရန် အထက်ပါအဖွဲ့အစည်းများကို ICMR က ပန်ကြားထားပြီး ယင်းသည် အစိုးရအဆင့်အမြင့်ဆုံးလယ်ဗယ်က အနီးကပ်စောင့်ကြည့်နေသည့် “အထူး ဦးစားပေး ပရောဂျက်” တစ်ခုလည်း ဖြစ်သည်။

“ ဒီကာကွယ်ဆေးကတော့ ပူနီမြို့က ICMR- ရောဂါပိုးမွှားဆိုင်ရာ အမျိုးသားအဖွဲ့အစည်းက သီးခြားခွဲထုတ်ထားတဲ့ ဗိုင်းရပ်စ်မျိုးစိတ်တစ်ခုကနေ ဖန်တီးထားတာ ဖြစ်ပါတယ်၊ ICMR နဲ့ BBIL တို့ဟာလည်း လက်တွေ့စမ်းသပ်မှု မတိုင်မီ အဆင့်မှာရော၊ ဒီ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု လုပ်တဲ့ အဆင့်အတွက်ရော အတူတကွ ပူးပေါင်းလုပ်ကိုင်နေပါတယ်” ဟု ICMR က ထုတ်ပြန်သည်။

ထို့ပြင် ယင်းကာကွယ်ဆေးကို လာမည့် သြဂုတ်လ ၁၅ ရက်တွင် အများပြည်သူကျန်းမာရေးဆိုင်ရာ အသုံးပြုမှုအတွက် စတင်ဖြန့်ဖြူးနိုင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ICMR က ဆွေးနွေးထားခဲ့သည်။

သို့သော် လက်တွေ့စမ်းသပ်မှု မစတင်ရသေးသည့်အတွက် အဆိုပါ ရက်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ပညာရှင်များက မေးခွန်းထုတ်မှုများလည်း ရှိနေခဲ့သည်။

“ လက်တွေ့စမ်းသပ်မှု အားလုံး ပြီးစီးသွားရင်တော့ ဒီကာကွယ်ဆေးကို ၂၀၂၀ သြဂုတ်လ ၁၅ ရက်မှာ အများပြည်သူကျန်းမာရေးအတွက် အသုံးပြုဖို့ စတင်ရရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု အိန္ဒိယ သုတေသနအဖွဲ့က ပြောသည်။

ယခုပရောဂျက်တွင် ပါဝင်သည့် လက်တွေ့စမ်းသပ်မှု နေရာအားလုံး၏ ပူးပေါင်းလုပ်ဆောင်မှုအပေါ်တွင် အပြီးသတ်နောက်ဆုံးရလဒ်က မူတည်နေမည်ဖြစ်ကြောင်း ICMR က ပြောသည်။ ထို့ပြင် အဖွဲ့အစည်းများကိုလည်း လက်တွေ့စမ်းသပ်မှုများနှင့် သက်ဆိုင်သည့် အတည်ပြုချက်များကို အရှိန်မြှင့်တင်လုပ်ဆောင်ရန်နှင့် အစမ်းသပ်ခံအရာများကိုလည်း ယခုအပတ်မှစ၍ စာရင်းသွင်းရန် ICMR က အကြံပြုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly