အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ရပ်ပါကိန်းဝက်စ် ကြေညာ

By ABC News
05 July 2020
အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ရပ်ပါကိန်းဝက်စ် ကြေညာ

ဇူလိုင် ၅

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်ကြောင်းနှင့် ရီပတ်ဘလစ်ကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ဖြုတ်ချရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း နာမည်ကျော် ရပ်ပါ ကိန်းဝက်စ်က ကြေညာသွားခဲ့သည်။

“ဘုရားသခင်ကို ယုံကြည်ရင်း ကျွန်တော်တို့ရဲ့ စိတ်ကူးအမြင်တွေကို တစုတစည်းတည်းဖြစ်စေပြီး ကျွန်တော်တို့ရဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် အမေရိကရဲ့ ကတိကဝတ်ကို ကျွန်တော်တို့ ပြည့်မြောက်အောင် ခုချိန်မှာ လုပ်သွားရပါမယ်” ဟု ဝက်စ်က ဇူလိုင် ၄ ရက် ညနေပိုင်းတွင် တွစ်တာတွင် ရေးခဲ့သည်။

“အမေရိကန် သမ္မတ ရာထူးအတွက် ကျွန်တော် ဝင်ပြိုင်ပါမယ်၊ ၂၀၂၀ မျှော်မှန်းချက်” ဆိုပြီး ဝက်စ်က ရေးသွားခဲ့သည်။

ယခုကဲ့သို့ သမ္မတနေရာအတွက် ယှဉ်ပြိုင်သွားမည် ဆိုသည်နှင့်ပတ်သက်၍ ဝက်စ်အနေဖြင့် မည်မျှ အလေးအနက်ထားသည်ဆိုသည့်အပေါ် ရှင်းရှင်းလင်းလင်း မသိရပေ။ သို့သော် ဖျော်ဖြေရေးသမား အနုပညာရှင်ဖြစ်သည့် ဝက်စ်အနေဖြင့် ထရမ့်ကို အမှန်တကယ် ဖြုတ်ချနိုင်ရန်မှာလည်း မဖြစ်နိုင်သည့် အနေအထားတစ်ခုအဖြစ် ထင်ရသည်။ ဝက်စ်အနေဖြင့် မကြာမီ ထွက်ရှိမည့် ၎င်း၏ အယ်လ်ဘန် “God’s Country” နှင့် ယခုအပတ်ထဲ ထုတ်ခဲ့သည့် ပထမဆုံး single အပုဒ်ဖြစ်သည့် “Wash Us in the Blood” အတွက် ကြော်ငြာမှုအဖြစ် အသုံးချလုပ်ဆောင်ခြင်းက ပိုမို ဖြစ်နိုင်ဖွယ် ရှိနေသည်။

သို့သော် လက်ရှိသမ္မတ ထရမ့်ကိုယ်တိုင်ကလည်း reality TV စတားတစ်ဦးဖြစ်ခဲ့သလို သမ္မတဟောင်း ရော်နယ် ရေဂင်သည်လည်း နိုင်ငံရေးထဲ မဝင်မီ ဟောလိဝုဒ် မင်းသားတစ်ဦးအဖြစ် ၎င်း၏နာမည်ကို သုံးခဲ့သည်။

လက်ရှိအချိန်တွင် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်နှင့် ထရမ့် တို့နှစ်ဦးစလုံးသည် ဂရမ်မီ ၂၁ ဆုရှင်ထက် ရွေးကောက်ပွဲ ရန်ပုံငွေ ဒေါ်လာ သန်းချီ အသာစီးရထားပြီး ဖြစ်သည်။ သို့သော် ဇနီးဖြစ်သည့် ကင်မ် ကာဒက်ရှန်က ပြီးခဲ့သည့်လတွင် သူမ၏ KKK Beauty လုပ်ငန်း၏ ၂၀ ရာခိုင်နှုန်းကို ရောင်းချထားပြီးနောက် ဘီလျံနာတစ်ဦးနီးပါး ကြွယ်ဝနေလျက် ရှိရာ ဝက်စ်အနေဖြင့် ဒေါ်လာ သန်းရာနှင့်ချီ ချေးယူနိုင်ဖွယ် ရှိနေသည်။

အကယ်၍ ဝက်စ်အနေဖြင့် သမ္မတနေရာအတွက် အမှန်တကယ် ဝင်ပြိုင်လိုသည့် ဆန္ဒရှိသည်ဆိုပါက ၎င်းအနေဖြင့် တစ်သီးပုဂ္ဂလတစ်ဦးအဖြစ် ဝင်ပြိုင်သွားရမည်ဖြစ်သည်။

ဝက်စ်အနေဖြင့် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမတိုင်မီ လေးလခန့်အလိုတွင် သမ္မတ နေရာအတွက် ဝင်ပြိုင်ရန် အမှန်တကယ် အလေးထားလုပ်ဆောင်နေသလား ဆိုသည်နှင့်  တရားဝင်စာရွက်စာတမ်းများ တင်ထားပြီးပြီလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မဲပေးမှုအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ ထပ်ဖြည့်ရမည့် နောက်ဆုံးသတ်မှတ်ရက်က ပြည်နယ်အများအပြားတွင် ကျော်လွန်ခြင်း မရှိသေးပေ။

ဝက်စ်သည် ယခင်ကာလက ထရမ့်ကို ထောက်ခံသူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်း အိမ်ဖြူတော် ဘဲဥပုံရုံးသို့ သွားရောက်ပြီး ထရမ့်နှင့်တွေ့ဆုံထားခဲ့သေးသည်။

ယခုကဲ့သို့ သမ္မတ ရာထူးအတွက် ဝင်ပြိုင်မည်ဆိုသည့် ဝက်စ်၏ တွစ်တာကြေညာချက် ထွက်လာပြီး များမကြာမီ နာမည်ကျော် အမေရိကန်နည်းပညာလုပ်ငန်းရှင် အီလွန်မက်စ်က ၎င်းအား အပြည့်အ၀ ထောက်ခံကြောင်း ထုတ်ဖော်ရေးသားသွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly