ထိုင်းလေဆိပ်၌ ကိုဗစ်ရောဂါ အမြန်စမ်းသပ်နိုင်သည့်စက် ပြသ

ထိုင်းလေဆိပ်၌ ကိုဗစ်ရောဂါ အမြန်စမ်းသပ်နိုင်သည့်စက် ပြသ
A doctor and medical staff demonstrate the lab workflow at the Covid-19 testing laboratory at Suvarnabhumi airport on Friday. (Reuters Photo)

ဇူလိုင် ၄

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်၌ ဆိုက်ရောက်ဧည့်သည်များအတွက် ကိုရိုနာဗိုင်းရပ်စ် လျင်မြန်စွာ စမ်းသပ်ပေးနိုင်သည့်စက်ကို သောကြာနေ့က ပြသခဲ့သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားဧည့်သည်များဝင်ရောက်မှုကို သုံးလကြာတားမြစ်ခဲ့ပြီးနောက် ယခုအခါ တစ်စိတ်တစ်ပိုင်း ဖြေလျှော့မှု လုပ်လိုက်ပြီဖြစ်သည်။

အလုပ်ပါမစ်နှင့်ဝင်ရောက်သူမှလွဲ၍ နိုင်ငံခြားသားအားလုံးကို မတ်လကတည်းက တားမြစ်ထားခဲ့သော်လည်း ဒေသတွင်းကူးစက်မှုကို သီတင်းပတ်ငါးပတ်ကျော်ကြာ မတွေ့ရတော့သည့်အတွက် ထိုင်းနိုင်ငံသည် နိုင်ငံခြားသားအုပ်စုအချို့ကို ပြည်ဝင်ခွင့်ပြုရန် ပြင်ဆင်နေပြီဖြစ်သည်။

ကာလတိုခရီးသွားဟုခေါ်ဆိုသော ၁၄ ရက်အောက်နေမည့် အလုပ်ခရီးသွားသူများ၊ သံတမန်များနှင့် အစိုးရဧည့်သည်များသည် နိုင်ငံတွင်းမဝင်ခင် လေဆိပ်၌ ဓာတ်ခွဲနမူနာစမ်းသပ်နည်းဖြင့် ရောဂါစစ်ဆေးမှု ခံယူရမည်ဖြစ်သည်။

ထိုသို့စစ်ဆေးရာ၌ ၁ နာရီခွဲဝန်းကျင်ကြာမည်ဖြစ်ကြောင်းနှင့် ယခုနည်းကို နောင်လာမည့် ခရီးသွားများအတွက်လည်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသွားမည်ဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူ Suwich Thammapalo က ပြောသည်။  

ကာလတိုခရီးသွားများသည် ကွာရန်တင်း ၁၄ ရက် ဝင်စရာမလိုဘဲ လေဆိပ်၌ ဘတ်ငွေ ၃ ၀၀၀ ကျသင့်သော ရောဂါစမ်းသပ်မှုတစ်ကြိမ်လုပ်ဆောင်ရမည်ဖြစ်သည်။ နိုင်ငံတွင်းနေထိုင်သူ သို့မဟုတ် မိသားစုမှစ၍ နိုင်ငံတကာကျောင်းသားများအထိ မကြာသေးမီက ဝင်ခွင့်ပြုခဲ့သော တခြားပြည်ပနိုင်ငံသားများပါ စမ်းသပ်ကြရမည်ဖြစ်သည်။

ယခုလ၌ ဆေးကုသမှုဆိုင်ရာခရီးစဉ်များကို ခွင့်ပြုပြီးနောက် အလှအပဆိုင်ရာခွဲစိတ်မှုနှင့်မွေးဖွားမှုကဲ့သို့သော ဆေးကုသမှုများအတွက် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် လျှောက်ထားသော နိုင်ငံခြားသား ၁ ၇၀၀ ခန့်ရှိသည်ဟု ကိုဗစ်-၁၉ အခြေအနေစီမံခန့်ခွဲရေးဌာနက ပြောရေးဆိုခွင့်ရှိသူ Dr, Taweesilp Visanuyothin က ပြောသည်။

အစိုးရအနေဖြင့် COVID-19 ပျံ့နှံ့မှုနှင့်ပတ်သက်၍ အလားတူအနေအထားရှိသော နှစ်နိုင်ငံအကြား ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ အန္တရာယ်ကင်းသောခရီးသွားလာခြင်းကိုဖြစ်စေသည့် ‘ travel bubble’ ဟုခေါ်သော ခရီးစဉ်များကို စက်တင်ဘာလ၌လုပ်ဆောင်ရန် စဉ်းစားဆွေးနွေးနေသည်ဟု ဆိုသည်။

ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းထိခိုက်ခဲ့သဖြင့် ယခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ရှစ်သန်း အထိ ဝင်ရောက်မည်ဟုမှန်းထားကာ ယမန်နှစ်ထက်စာလျှင် ၈၀ % ကျဆင်းသွားကြောင်းနှင့် ၂၀၂၁ ခုနှစ်တွင် ပြန်လည်နာလန်ထူလာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခရီးသွားလာရေးကောင်စီက ပြောသည်။

ပြီးခဲ့သည့်နှစ်က နိုင်ငံခြားသားဧည့်သည် ၃၉.၈ သန်း၏ သုံးစွဲမှုမှရရှိမှုသည် နိုင်ငံ့ဂျီဒီပီ၏ ၁၁ % ခန့်ရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly