ကိုရိုနာဗိုင်းရပ်စ်ကျူးကျော်ဝင်ရောက်မှုကို မြောက်ကိုရီးယား တားဆီးနိုင်ခဲ့ဟု ကင်ဂျုံအွန်ပြော

ကိုရိုနာဗိုင်းရပ်စ်ကျူးကျော်ဝင်ရောက်မှုကို မြောက်ကိုရီးယား တားဆီးနိုင်ခဲ့ဟု ကင်ဂျုံအွန်ပြော

ဇူလိုင် ၄

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်သည် နိုင်ငံကိုမထိခိုက်အောင် ကိုရိုနာဗိုင်းရပ်စ်ရန်ကို တားဆီးနိုင်ခဲ့ပြီဟု အာဏာရအလုပ်သမားပါတီ၏ ပေါလစ်ဗျူရိုအစည်းအဝေး၌ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က သောကြာနေ့တွင် ပြောသည်။

“အန္တရာယ်ပေးတဲ့ ဗိုင်းရပ်စ် ကျူးကျော်ဝင်ရောက်မှုကို ကျွန်တော်တို့ မခြွင်းမချန် တားဆီးနိုင်ခဲ့ပါပြီ။ တစ်ကမ္ဘာလုံးကျန်းမာရေးကပ်ဆိုက်နေပေမယ့် ကူးစက်ရောဂါတိုက်ဖျက်နိုင်တဲ့အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပါပြီ။ ဒါဟာပြောင်မြောက်တဲ့ အောင်မြင်မှုတစ်ခုပါ” ဟု ကင်ဂျုံအွန်ပြောခဲ့ကြောင်း KCNA က ဖော်ပြထားသည်။

ကူးစက်မြန်ကပ်ရောဂါတိုက်ဖျက်ရာတွင် မိမိကိုယ်ကိုကျေနပ်ရောင့်ရဲခြင်းမရှိစေရန်သတိပေးခဲ့ပြီး အမြင့်ဆုံးသတိပေးချက်ကို ဆက်လက်ထိန်းသိမ်းထားရန် ကင်ဂျုံအွန်က ပြည်သူများအား တိုက်တွန်းခဲ့သည်။

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၀ သန်းကျော်ကူးစက်ခံထားရကာ ၅၀၀ ၀၀၀ ကျော်သေဆုံးထားပြီး ဗိုင်းရပ်စ်ဒဏ်အခံရဆုံးနိုင်ငံများ လော့ဒေါင်းဖြေလျှော့နေစဉ်မှာပင် ကြာသပတေးနေ့က ပေါလစ်ဗျူရိုအစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားတွင် စာသင်ကျောင်းများပြန်ဖွင့်ခဲ့သော်လည်း လူစုလူဝေးကို တားမြစ်ထားဆဲဖြစ်ကာ အများပြည်သူအကြား၌ နှာခေါင်းစည်းတပ်ဆင်ခိုင်းထားသည်။

မြောက်ကိုရီးယားသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သင်၍ အတည်ပြုပြောကြားခဲ့ခြင်းမရှိဘဲ လူပေါင်း ၉၂၂ ဦးကို စစ်ဆေးရာတွင် ရောဂါကူးစက်ခံထားရခြင်း မရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ပင်လယ်ဆိပ်ကမ်းနှင့်နယ်စပ်များမှ ကုန်စည်ကိုင်တွယ်သူ ရာပေါင်းများစွာကို စောင်ကြည့်ကန့်သတ်မှုများ ပုံမှန်လုပ်ဆောင်ခဲ့သည်။ ကြာသပတေးနေ့ကပြုလုပ်သော အဆိုပါအစည်းအဝေး၌ မြို့တော်၌တည်ဆောက်ဆဲဖြစ် သည့် ပြုံယမ်းအထွေထွေဆေးရုံတည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ပြီး စီမံကိန်းကို အားရကျေနပ်ကြောင်းနှင့် အချိန်အခါမကောင်းသည့်ကာလ၌ ခရီးတွင်အောင်လုပ်ဆောင်ခဲ့၍ တည်ဆောက်သူများကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

ခေတ်အမီဆုံးဆေးဘက်ဆိုင်ရာဝန်ဆောင်မှုပေးမည့် ကမ္ဘာ့စံချိန်မီဆေးရုံကြီးပြီးစီးနိုင်ရေး ပေါ်ပေါက်လာသောပြဿနာပေါင်းများစွာကို အရေးပေါ်ဖြေရှင်းနိုင်ရန်အတွက်  ကင်ဂျုံအွန်သည် အစွမ်းထက်သော အမျိုးသားရေး စီမံချက်များ ချမှတ်နိုင်ခဲ့သည်ဟု KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly