ရုရှားသမ္မတပူတင်ကို ၂၀၃၆ အထိ အာဏာဆက်ရစေမည့် ဖွဲ့စည်းပုံပြင်ဆင်မှု ပြည်သူအများစု ထောက်ခံ

ရုရှားသမ္မတပူတင်ကို ၂၀၃၆ အထိ အာဏာဆက်ရစေမည့် ဖွဲ့စည်းပုံပြင်ဆင်မှု ပြည်သူအများစု ထောက်ခံ

ဇူလိုင် ၂

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ၂၀၃၆ ခုနှစ်အထိ အာဏာဆက်လက်တည်မြဲစေနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ဖြည့်စွက်မှု မဲပေးပွဲတွင် ပြည်သူအများစုက ထောက်ခံမဲပေးခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်သူအများစု ထောက်ခံပေးလိုက်သော ဖွဲ့စည်းပုံဥပဒေ အပြောင်းအလဲများက ပူတင်ကို သမ္မတ သက်တမ်း နောက်ထပ် နှစ်ခုအထိ ဆက်လက်ရယူထားနိုင်ခွင့် ရှိစေမည်ဖြစ်သည်။

သို့သော် ယခုရလဒ်၏ နောက်ကွယ်တွင် အတိုင်းအတာ ကြီးကြီးမားမား လိမ်လည်ထားမှုများ ရှိနေကြောင်း ဝေဖန်သူများက ပြောသည်။

တရားဝင်ရလဒ်များအရ မဲအရေအတွက် ၉၈ ရာခိုင်နှုန်းအထိ ရေတွက်ပြီးစီးချိန်တွင် နိုင်ငံကို ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုကျော်ကြာ သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်နေခဲ့သည့် ပူတင်ကို လက်ရှိသမ္မတသက်တမ်း ကုန်ဆုံးမည့် ၂၀၂၄ ခုနှစ်နောက်ပိုင်း နောက်ထပ် ခြောက်နှစ်သက်တမ်းနှစ်ခုအထိ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရှိစေခဲ့ပြီ ဆိုသည်ကို ထုတ်ဖော်ပြသနေခဲ့သည်ဟု သိရသည်။

ယင်းအတွက်ကြောင့် လက်ရှိ အသက် ၆၇ နှစ်ရှိ ရုရှားသမ္မတ ပူတင်အနေဖြင့် အသက် ၈၃ နှစ်အရွယ်အထိ နိုင်ငံကို ဆက်လက်အုပ်ချုပ်သွားနိုင်မည့် သဘောလည်း ဖြစ်သည်။

နိုင်ငံတဝန်း ရေတွက်ပြီးစီးထားသော မဲများအနက် ၇၈ ရာခိုင်နှုန်းက ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်မှုကို ထောက်ခံခဲ့ကြပြီး ၂၁ ရာခိုင်နှုန်းကျော်ကသာ ကန့်ကွက်မဲပေးခဲ့ကြကြောင်း ရုရှား ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။

မဲပေးမှုသည် ပွင့်လင်းမြင်သာမှု ရှိခဲ့ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း မဲပေးပွဲ၏ သမာသမတ်ကျမှုအတွက် အကောင်းဆုံး အားထုတ်ခဲ့ကြောင်း ကော်မရှင်အကြီးအကဲ အယ်လာ ပမ်ဖီလိုဗာက ပြောသည်။

တချိန်တည်းမှာပင် ရုရှားအတိုက်အခံ နိုင်ငံရေးသမား အလက်ဇိုင် နာဗယ်လ်နီက အဆိုပါ မဲပေးမှုသည် တရားမဝင်ကြောင်းနှင့် ရလဒ်များကို မည်သည့်အခါမှ အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags