တရုတ်နှင့် တင်းမာမှုကြောင့် အိန္ဒိယက TikTok ကို ပိတ်ပင်

တရုတ်နှင့် တင်းမာမှုကြောင့် အိန္ဒိယက TikTok ကို ပိတ်ပင်

ဇွန် ၃၀

အိန္ဒိယနိုင်ငံသည် အချုပ်အခြာနှင့် ဂုဏ်သိက္ခာကို ခြိမ်းခြောက်သည် ဆိုလျက် တရုတ်နိုင်ငံ ထုတ် TikTok နှင့် အခြား နာမည်ရှိ အက်ပရီကေးရှင်းများကို ပိတ်ပင်လျက်ရှိရာ နှစ်နိုင်ငံကြား အရှိန်မြင့်နေသည့် တင်းမာမှုများ၏ နောက်ဆုံး ရလဒ်ပဲ ဖြစ်သည်။

အိန္ဒိယပြင်ပက ဆာဗာများမှ အချို့သော မိုဘိုင်းအက်ပရီကေးရှင်းများသည် သုံးစွဲသူများ၏ အချက်အလက်များကို အလွဲသုံးစားလုပ်နေသည်ဆိုသော တိုင်တန်းချက်များစွာ ရရှိထားကြောင်း အိန္ဒိယ လျှပ်စစ်နှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်သည်။

“ဒီလို အချက်အလက်တွေကို စုယူပြီး အိန္ဒိယရဲ့ အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေးကို ရန်ပြုဖို့ လုပ်နေတာကြောင့် ဒါဟာ အိန္ဒိယရဲ့ အချုပ်အခြာနဲ့ ဂုဏ်သိက္ခာအတွက် ခြိမ်းခြောက်မှုပဲ ဖြစ်တယ်။ အရေးပေါ် လုပ်ငန်းစဉ်တွေ ချမှတ်ရမယ့်အထိ နက်ရှိုင်းတဲ့ စိုးရိမ်ပူပန်စရာ ဖြစ်တယ်။”ဟု အဆိုပါ ဝန်ကြီးဌာနက အထင်ကရ တရုတ် အက်ပရီကေးရှင်းများစွာ ပါဝင်သည့် အက်ပရီကေးရှင်း ၅၉ ခုကို ပိတ်ပင်ကြောင်း ထုတ်ပြန်သည်။

အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်တွင် တရုတ်အား အမည်အားဖြင့် တိုက်ရိုက်မညွှန်းဆိုသော်လည်း နယ်စပ်၌ လူသေဆုံးမှုများသည့် နှစ်နိုင်ငံ ထိပ်တိုက်တွေ့မှုကြောင့် တင်းမာနေစဉ် ယခုကဲ့သို့ တားမြစ်လာခြင်းပဲ ဖြစ်သည်။ ယခုလအစောပိုင်းက နယ်စပ်တွင် တရုတ်နှင့် အိန္ဒိယစစ်သားများ ခိုက်ရန်ဖြစ်ပွား၍ အိန္ဒိယစစ်သား အနည်းဆုံး ၂၀ သေဆုံးခဲ့သည်။ အိန္ဒိယပြည်သူ အများစုက တရုတ် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အထူးသဖြင့် တရုတ်ကြီးစိုးထားသော နည်းပညာနယ်ပယ်မှ ထုတ်ကုန်များအား သပိတ်မှောက်ရန် တောင်းဆိုကြသည်။

“အိန္ဒိယရဲ့ အချုပ်အခြာနဲ့ နိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုတာကို နစ်နာစေမယ့် အက်ပရီကေးရှင်းတွေကို တင်းကျပ်စွာ တားမြစ်တဲ့ အခု လုပ်ဆောင်ချက်ကို ပြည်သူတွေက ခိုင်ခိုင်မာမာ ထောက်ခံကြတယ်။”ဟု အစိုးရက ထပ်လောင်းပြောသည်။ တားမြစ်သည့် နာမည်ကြီး တရုတ်အက်ပရီကေးရှင်းများတွင် ဗီဒီယိုဂိမ်း Clash of Kings၊ မက်ဆေ့ချ်အက်ပရီကေးရှင်း WeChat၊ လူမှုမီဒီယာ Weibo နှင့် ဓာတ်ပုံအက်ပရီကေးရှင်း CamScanner တို့ ပါဝင်သည်။

တရုတ်နည်းပညာကုမ္ပဏီကြီး Bytedance ပိုင်ဆိုင်သော ထိပ်သီး ဗီဒီယိုပလက်ဖောင်းဖြစ်သည့် TikTok သည် အိန္ဒိယ၌ အသုံးပြုသူပေါင်း သန်း ၁၂၀ ခန့်ရှိပြီး အကြီးဆုံးဈေးကွက်တစ်ခုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly