WHO က ကိုရိုနာဗိုင်းရပ်စ်မူလဇာစ်မြစ်စုံစမ်းရန် တရုတ်သို့ အဖွဲ့တစ်ဖွဲ့စေလွှတ်မည်

WHO က ကိုရိုနာဗိုင်းရပ်စ်မူလဇာစ်မြစ်စုံစမ်းရန် တရုတ်သို့ အဖွဲ့တစ်ဖွဲ့စေလွှတ်မည်

ဇွန် ၃၀

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို စုံစမ်းစစ်ဆေးရန် လာမည့်သီတင်းပတ်၌ တရုတ်နိုင်ငံသို့ အဖွဲ့တစ်ဖွဲ့စေလွှတ်သွားမည်ဖြစ်ကြောင်း အကြီးအကဲ တက်ဒရော့စ်အက်ဒ်ဟာနွမ် ဂေဘရဲရယ်ဆွတ်က   ဇွန်လ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

“ဗိုင်းရပ်စ် ဘယ်လိုစဖြစ်ခဲ့တယ်ဆိုတာအပါအဝင် ဗိုင်းရပ်စ်အကြောင်း အားလုံးသိရင် ကောင်းကောင်းတိုက်ဖျက်နိုင်တာပေါ့ ။ အဲဒီအတွက် ပြင်ဆင်ဖို့ နောက်တစ်ပတ်ထဲမှာ တရုတ်နိုင်ငံကို အဖွဲ့တစ်ဖွဲ့ စေလွှတ်မှာပါ” ဟု တက်ဒရော့စ်က  ပြောသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့က သက်သေအထောက်အထားတင်ပြခြင်းမရှိသော်လည်း ဗိုင်းရပ်စ်သည် ဝူဟန်မြို့ ဓာတ်ခွဲခန်းမှစတင်ခဲ့ကြောင်းပြောခဲ့သည်။ တရုတ်ကလည်း ထိုစွပ်စွဲချက်ကို ငြင်းပယ်ထားသလို သိပ္ပံပညာရှင်များကလည်း ဗိုင်းရပ်စ်သည် သဘာဝအလျောက်ဖြစ်ပွားခဲ့သည်ဟု ပြောခဲ့ကြသည်။

WHO သည် တရုတ်ကို မျက်နှာသာပေးသည်ဟုဆိုကာ ထရမ့်က ထိုအဖွဲ့အစည်းမှ နုတ်ထွက်မည့် အစီအစဉ်ကို ကြေညာခဲ့သည်။ ထရမ့်သည် ယခုလမဲဆွယ်ပွဲ နှစ်ခုတွင်လည်း ဗိုင်းရပ်စ်ကို ‘Kung Flu’ ဟု ခေါ်ဝေါ်သုံးစွဲခဲ့ပြီး ဗိုင်းရပ်စ်ရင်းမြစ်က တရုတ်နိုင်ငံဖြစ်ကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့သည်။ ထိုသို့ခေါ်ဝေါ်သုံးစွဲမှုကို အာရှ-အမေရိကန်အုပ်စုများက လူမျိုးရေးခွဲခြားမှုအဖြစ်ရှုတ်ချခဲ့ကြသည်။ WHO အရေးပေါ်အစီအစဉ်ဒါရိုက်တာ မိုက်ရိုင်ယန်က အပြန်အလှန်လေးစားမှုကို အခြေခံသော နိုင်ငံတကာအသုံးအနှုန်းကို သုံးစွဲရန် တောင်းဆိုခဲ့သည်။

ရိုင်ယန်က ကာကွယ်ဆေးစမ်းသပ်ကြရာ၌ တိုးတက်မှုများစွာရှိသော်လည်း အောင်မြင်မှုအတွက် အာမ မခံနိုင်ကြောင်းနှင့် ထိုအတောအတွင်း နိုင်ငံများသည် ခပ်ခွါခွါနေခြင်းနှင့် ရောဂါကူးစက်မှုခြေရာခံခြင်းကဲ့သို့သော မဟာဗျူဟာများကို အသုံးပြုရမည်ဟု ဆိုသည်။

“နိုင်ငံတွေအနေနဲ့ ပြီးပြည့်စုံတဲ့ မဟာဗျူဟာတွေသုံးပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုနည်းပါးသွားအောင် လုပ်နိုင်ပေမယ့် အစုအဝေးအလိုက်ကူးစက်တာ ဒါမှမဟုတ် အနည်းငယ်သောရောဂါဖြစ်ပွားမှုတွေကိုလည်း သတိရှိနေရပါမယ်” ဟု ရိုင်ယန်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly