တပ်မတော်နှင့် RCSS တို့ ငါးရက်ဆက် တိုက်ပွဲဖြစ်

တပ်မတော်နှင့် RCSS တို့ ငါးရက်ဆက် တိုက်ပွဲဖြစ်

ဇွန် ၂၉

ပြီးခဲ့သည့် ဇွန် ၂၅ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့တွင် တပ်မတော်နှင့် RCSS တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဇွန် ၂၉ရက်နေ့ထိ ငါးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲမှာ ကျောက်မဲမြို့၊ ပန်လော့ကျေးရွာအုပ်စု၊ ပန်ကျဲန်၊ နမ့်ဖတ် ကျေးရွာများအနီးတွင် ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် နှစ်ဖက် ကာကယံရှင်တို့က ပြောသည်။

 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ RCSSအနေနဲ့ ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်အထိ နယ်မြေကျော်ဝင်ရောက်မှုကြောင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ကျောက်မဲလွှတ်တော်အမတ် ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

“ကျောက်မဲတောင်ဘက်ခြမ်းမှာက ရွာတိုင်းနီးပါးလောက်က RCSS အခြေစိုက်ထားတာတွေရှိတယ်လေ။ စစ်ကြောင်းကဝင်သွားတဲ့အချိန်ကျတော့ တိုက်ပွဲတွေဖြစ်လိုက် ရပ်လိုက်နဲ့။ ဒီနေ့လည်း ဖြစ်တုန်းပဲ။ လက်နက်ကြီးကျလို့ အရပ်သားတွေသေဆုံးတယ်လို့တော့ကြားတယ်။”ဟု ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

RCSS သည် နယ်မြေကျော်လွန်လှုပ်ရှားမှုများရှိခြင်းအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်မှုအယောင်ပြ၍ အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေခြင်းကြောင့် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ်တိုက်ပွဲဖြစ်ပွားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

“ သူတို့မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်နေတယ်ဆိုတာလည်းကြား တယ်။ ဖျက်ဆီးရေးလုပ်တဲ့ ဟာလည်း လုပ်ပြီးပါပြီ။ အဲ့ဒါအပြင် အခြားကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း ထိတွေ့မှုတချို့တော့ ရှိခဲ့ပါတယ်။” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

RCSS ဘက်ကမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စအကြောင်းကြားပြီးမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောသည်။

သို့သော် ဇွန် ၂၉ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားသော တိုက်ပွဲတွင် ပန်ကျဲန်ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အသက် ၅၆ နှစ်အရွယ် လုံစု အမည်ရသည့် အမျိုးသားတစ်ဦးတွင် လက်နက်ကြီးကျည် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးမှာလည်း ဒဏ်ရာများ ရရှိကာ ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။

 “ဒီနေ့ (ဇွန် ၂၉) မနက်၈နာရီခွဲလောက်တုန်းက တပ်မတော် ခလရ (၂၃)က ကျောက်မဲခရိုင် ပန်ကျဲန်ရွာထဲမှာ ကျွန်တော်တို့တပ်ဖွဲ့တွေရှိတယ်ဆိုတဲ့ သတင်းရပြီးတော့ ရွာထဲကိုလက်နက်ကြီး လက်နက်ငယ်တွေနဲ့လှမ်းပစ် ထည့်လိုက်တယ်။ ရွာသားနှစ်ဦးကျည်မှန်တယ်။ တစ်ဦးကတော့ ပွဲချင်းပြီးသေသွားတယ်” ဟု RCSS က ဗိုလ်မှူးစိုင်းအုမ်ခေးက ပြောသည်။

သို့သော် ကျောက်မဲမြို့မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်ကမူ မဲဆန္ဒနယ် အမှတ်(၁)မှ ကိုယ်စားလှယ်သွားရောက်နေခြင်းကြောင့် ၎င်းပြန်လည်ရောက်ရှိချိန်မှသာ အသေးစိတ်ကို အတည်ပြုနိုင် မည်ဖြစ်ကြောင်း ပြောသည်။

ကျောက်မဲမြို့ဒေသခံများကမူ RCSS နှင့် တပ်မတော်တို့  တိုက်ပွဲကြောင့် အမျိုးသမီးတစ်ယောက် ထိခိုက် ဒဏ်ရာရရှိကာ လက်ရှိတွင် ဆေးကုသမှုခံယူနေရကြောင်း ပြောသည်။

"ဒဏ်ရာပဲရတာပါ။ သေတာ မဟုတ်ဘူး။ မိန်းမကြီးမဟုတ်ဘူး မိန်းကလေးပါ။ အခု ဆေးကုသမှုခံယူနေတယ်။ ဖြစ်တာကတော့ မနေ့က ဖြစ်တာပါ။”ဟု ကျောက်မဲမြို့မှ ဇီဝိတဒါနလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောသည်။

RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ထို့ကြောင့် ယခု ဖြစ်ပွားနေသော တိုက်ပွဲရပ်တန့်နိုင်ရေးအတွက် NCA လမ်းကြောင်းမှ ဖြေရှင်းသွားရန် ဆောင်ရွက်နေကြောင်း RCSS က ပြောသည်။

တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RCSS အနေဖြင့် NCA စာချုပ်ကို လိုက်နာရန်လိုအပ်ကြောင်း ဆိုသည်။

ယခုကဲ့သို့ ကိုဗစ်ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း လက်တွေ့တွင် တိုက်ပွဲများမှာ ရပ်စဲနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly