ထိုင်ဝမ်အတိုက်အခံအမတ်များ ပါလီမန်ကို ဝင်ရောက်သိမ်းပိုက်ပြီး အစိုးရ၏ နိုင်လိုမင်းထက်ပြုမှုကို ဆန္ဒပြ

ထိုင်ဝမ်အတိုက်အခံအမတ်များ ပါလီမန်ကို ဝင်ရောက်သိမ်းပိုက်ပြီး အစိုးရ၏ နိုင်လိုမင်းထက်ပြုမှုကို ဆန္ဒပြ

ဇွန် ၂၉

ထိုင်ဝမ်၏ အဓိကအတိုက်အခံ ကူမင်တန် (KMT) ပါတီမှ အမတ် ၂၀ ကျော် ပါဝင်သည့် အဖွဲ့တစ်ခုသည် ဇွန်လ ၂၉ ရက်တွင် ပါလီမန်အဆောက်အအုံကို ဝင်ရောက်သိမ်းပိုက်ထားခဲ့ပြီး အစိုးရ၏ နိုင်လိုမင်းထက်ပြုမှုနှင့် အဆင့်မြင့်လယ်ဗယ် စောင့်ကြည့်လေ့လာမှုအဖွဲ့ကို ဦးဆောင်ရန် အနီးကပ်လက်ထောက်တစ်ဦးကို သမ္မတက အမည်စာရင်းသွင်းမှုတို့အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ထိုင်ဝမ်သည် ဒီမိုကရေစီတစ်ခု ရှိနေပြီး ပါလီမန်အဆောက်အအုံအတွင်း ခိုက်ရန်ဖြစ်ပွားခြင်းများ၊ ဆန္ဒပြမှုများကလည်း မကြာခဏ ဖြစ်နေသည့် ဖြစ်စဉ်များ ဖြစ်သည်။

၂၀၁၄ ခုနှစ်ကလည်း ရာနှင့်ချီသော ကျောင်းသားများသည် နေကြာပန်းလှုပ်ရှားမှုဟု အမည်ပေးခဲ့သည့် ဆန္ဒပြပွဲအတွင်း ပါလီမန်ကို သီတင်းပတ်များစွာကြာ သိမ်းပိုက်ထားခဲ့ပြီး ပွင့်လင်းမြင်သာမှု ရှိရေး တောင်းဆိုခဲ့ကြပြီး၊ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်၏ စီးပွားရေးနှင့် နိုင်ငံရေး သြဇာလွှမ်းမိုးမှု တိုးမြင့်လာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။

ဇန်နဝါရီက ပါလီမန်နှင့် သမ္မတ ရွေးကောက်ပွဲတွင် မရှုမလှ အရေးနိမ့်ခဲ့သည့် KMT ပါတီသည် ပါလီမန်တွင်း ၎င်းတို့၏ ဆန္ဒပြမှုကို ဇွန်လ ၂၈ ရက်ညပိုင်းတွင် စတင်ခဲ့ပြီး ၎င်းတို့သည် ဇွန်လ ၂၉ ရက်အထိ ပါလီမန်အဆောက်အအုံတွင် ဆက်ရှိနေခဲ့သည်။ အဆိုပါ အတိုက်အခံပါတီ အမတ်အုပ်စုသည် ပါလီမန်၏ အဓိကဝင်ပေါက်ကို သံကြိုးများ၊ ခုံများဖြင့် ပိတ်ဆို့ထားခဲ့ကြသည်။

၎င်းတို့အနေဖြင့် အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ (DPP) နှင့် သမ္မတ ဆိုင်အင်ဝမ်ကို ဆန့်ကျင်ဆန္ဒပြနေခြင်း ဖြစ်ကြောင်း KMT က ပြောသည်။ ထို့ပြင် သမ္မတ ဆိုင်က အစိုးရ စောင့်ကြည့်လေ့လာမှုအဖွဲ့တစ်ခုဖြစ်သည့် Control Yuan ကို ဦးဆောင်ရန် သူမ၏ အကြီးတန်းလက်ထောက် ချန်ချူကို အမည်စာရင်းသွင်းမှုအပေါ် KMT က ဆန့်ကျင်လျက် ရှိသည်။

“ဒီနှစ်ထဲမှာ ဆိုင်ရဲ့ အစိုးရဟာ အရင်ကထက် ပိုပြီး ကြီးစိုးဖိနှိပ်လာနေပါတယ်၊ ဆိုင်ရဲ့ ခေါင်းမာမှုကြောင့် ကေအမ်တီ အနေနဲ့ အခြားရွေးစရာလမ်းမရှိတော့ပါဘူး၊ ဒါကြောင့် ပါလီမန်ကို စီးနင်းခဲ့ရတာပါ” ဟု KMT က ထုတ်ပြန်သည်။

ယခုလုပ်ရပ်ကို DPP နှင့် သမ္မတရုံးတို့က ပြစ်တင်ရှုတ်ချသွားခဲ့ပြီး KMT သည် ရုပ်ပျက်ဆင်းပျက် အခြေအနေတစ်ခု ဖြစ်အောင် ဇာတ်တိုက်နေသည်ဟု DPP က ပြောသွားခဲ့သည်။

အစဉ်အလာအားဖြင့် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးကို ထောက်ခံသော KMT ပါတီသည် ယင်း၏ ငယ်ရွယ်သော ခေါင်းဆောင်သစ် ဂျွန်နီ ချိုင်အန်း၏ ဦးဆောင်မှုအောက်တွင် မူဝါဒ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်နေပြီး လူထူထောက်ခံမှု ပြန်လည်ရရှိရန် ကြိုးပမ်းလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly