ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ သန်းဝက်ခန့်ရှိ

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ သန်းဝက်ခန့်ရှိ

ဇွန် ၂၉

ကမ္ဘာ့နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ပထမလှိုင်းကို ရင်ဆိုင်နေရဆဲဖြစ်သော်လည်း တချို့နိုင်ငံများတွင် ရောဂါပြန်လည်ဖြစ်ပွားလာဟန်ရှိပြီး တနင်္ဂနွေနေ့အထိဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူသည် ကမ္ဘာတစ်ဝန်းတွင် သန်းဝက်ခန့်ရှိပြီဟု ရိုက်တာသတင်းတစ်ရပ်အရသိရသည်။

တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၀ သန်းကျော်နှင့် သေဆုံးသူ ငါးသိန်းကျော်တွင်  ကလေးနှင့်လူကြီးများ အပါအဝင်ဖြစ်သော်လည်း အဆိုပါအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် အထူးသဖြင့် သက်ကြီးပိုင်းများအတွက် အန္တရာယ်ပိုများသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ လျော့နည်းသွားခဲ့သော်လည်း အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးနှင့် အာရှနိုင်ငံအချို့တွင် ကူးစက်မှုဖြစ်စဉ်အသစ်များရှိသည့်အပေါ် ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက စိုးရိမ်လျက်ရှိသည်။

ဇွန်လ ၁ ရက်မှ ၂၇ ရက်အထိအချက်အလက်များအပေါ်အခြေခံပြီး ရိုက်တာ၏တွက်ချက်မှုအရ ကိုဗစ်ကြောင့်သေဆုံးသူမှာ ပျမ်းမျှအားဖြင့် ၂၄ နာရီတိုင်းတွင် ၄ ၇၀၀ ထက်မနည်းရှိသည်။

အမေရိကန်၌ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူသည် တစ်ကမ္ဘာလုံး စုစုပေါင်းသေဆုံးသူအရေအတွက် ၏လေးပုံတစ်ပုံခန့်ရှိသည်။ အစောပိုင်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့် တောင်ပိုင်းနှင့်အနောက်ပိုင်းပြည်နယ်များတွင် မကြာသေးမီက ရောဂါကူးစက်မှုများထပ်မံတွေ့ရှိခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၁၈ ခုနှစ်ထုတ်ပြန်ချက်တွင် AIDS ကြောင့်သေဆုံးသူမှာ လစဉ်ပျမ်းမျှ ၆၄ ၀၀၀ ဦးနှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးသူ ၃၆ ၀၀၀ ရှိခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ ကြောင့် လစဉ်ပျမ်းမျှသေဆုံးသူ ၇၈ ၀၀၀ ဦးရှိသည်ဟု ဆိုသည်။

သေဆုံးမှုများပြားလာသောကြောင့် ကမ္ဘာတစ်လွှားတွင် သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းများ ပြောင်းလဲခဲ့ရပြီး သွားလေသူများကိုပင် နှုတ်ဆက်ခွင့်မရကြပေ။ အစ္စရေးတွင် သေဆုံးသူကို ရေချိုးသန့်စင်သည် ဓလေ့ကိုတားမြစ်ထားပြီး ရုပ်အလောင်းကို အဝတ်ဖြင့်ပတ်ရမည့်အစား ပလတ်စတစ်အိတ်ထဲ ထည့်ရသည်။ အသုဘအိမ်သို့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ခုနစ်ရက်ကြာ သွားရောက်လည်ပတ်သည့် ဂျူးလူမျိုးများ၏အစဉ်အလာမှာလည်း အဟန့်အတားဖြစ်ခဲ့ရသည်။

အီတလီတွင် ကက်သလစ်ဘာသာဝင်များကို ဘာသာရေးအခမ်းအနား သို့မဟုတ် ဘုန်းတော်ကြီးတစ်ပါး၏ ကောင်းချီးပေးမှုမခံရဘဲ မြေမြှုပ်သင်္ဂြိုဟ်နေကြသည်။  နယူးယောက်ရှိ သင်္ချိုင်းများမှာလည်း ညသန်းခေါင်ယံအထိ ရုပ်အလောင်းများကို မီးရှို့နေကြရသည်။ အီရတ်တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူများကို မြေမြှုပ်ပေးရန်အတွက် ပြည်သူ့စစ်များကပါ ဝိုင်းကူပေးနေရသည်။

ဥရောပရောဂါကာကွယ်တားဆီးရေးနှင့်ထိန်းချုပ်ရေးစင်တာ၏ ဧပြီလအစီရင်ခံစာအရ နိုင်ငံပေါင်း ၂၀ ရှိ ကူးစက်ခံရသူ  ၃၀၀ ၀၀၀ ကျော်ကိုဆန်းစစ်ကြည့်ရာ သေဆုံးသူအနက် ၄၆ % ခန့်မှာ အသက် ၈၀ ကျော်သူများဖြစ်ကြောင်း တွေ့ရသည်။

အင်ဒိုနီးရှားတွင် ကိုဗစ်-၁၉ ကြောင့်သေဆုံးသူများတွင် ကလေးရာပေါင်းများစွာပါဝင်ပြီး အာဟာရချို့တဲ့ခြင်း၊ သွေးအားနည်းရောဂါနှင့် ကလေးများအတွက်ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်ခြင်းတို့ ကြောင့်ဖြစ်နိုင်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ယူဆကြသည်။

တချို့နိုင်ငံများတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူနှင့် ရောဂါကူးစက်ခံရသူ အစီရင်ခံချက်များသည် အမှန်တကယ်အရေအတွက်ထက် လျော့နည်းနေသည်ဟု အများက ယုံကြည်ထားကြပြီး  တရားဝင်ကိန်းဂဏန်းများသည် အချက်အလက်အပြည့်အစုံမဟုတ်သေးကြောင်း ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly