တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၂ ဦးထပ်မံတွေ့ရှိ

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၂ ဦးထပ်မံတွေ့ရှိ

ဇွန် ၂၉

တရုတ်နိုင်ငံ၌ ဇွန်လလယ်က မြို့တော်ပေကျင်းရှိ လက်ကားဈေးရုံတစ်ခုမှဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလှိုင်းအသစ်ကို ဟန့်တားနိုင်ရန် ကြိုးစားနေစဉ်တွင်  ဇွန် ၂၈ ရက်က ရောဂါကူးစက်သူ ၁၂ ဦးရှိခဲ့ပြီး ထိုအရင်တစ်ရက်က ၁၇ ဦး ကူးစက်ခံရသည်ထက်စာလျှင် လျော့နည်းသွားခဲ့သည်။

အမျိုးသားကျန်းမာရေးကော်မရှင် (NHC) ၏ ထုတ်ပြန်ချက်အရ ကူးစက်ခံရသူများအနက် ငါးဦးမှာ ပြည်တွင်းဝင်ရောက်လာသူများဖြစ်ပြီး ဇွန် ၂၇ ရက်က အလားတူကူးစက်သူ သုံးဦးရှိခဲ့သည်။ ခုနစ်ဦးမှာ ပေကျင်းမြို့အတွင်း ဒေသတွင်းကူးစက်သူများဖြစ်သည်။

Xinfadi လက်ကားဈေးမှပေါ်ပေါက်ခဲ့သော ရောဂါပြန်လည်ဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်ရန် ပေကျင်းအစိုးရ၏ကြိုးပမ်းအားထုတ်မှုတစ်စိတ်တစ်ပိုင်းအဖြင့် တနင်္ဂနွေနေ့ မွန်းတည့်ချိန်အထိ မြို့လူဦးရေ၏ သုံးပုံတစ်ပုံကို ရောဂါစမ်းသပ်ပြီးပြီဖြစ်သည်။

ဇွန်လ ၁၁ ရက် အဆိုပါဈေးနှင့်ဆက်စပ်သော ပထမဆုံးကူးစက်မှုတွေ့ရှိပြီးကတည်းက လူဦးရေ သန်း ၂၀ ကျော်ရှိသည့်ပေကျင်းမြို့တွင် စုစုပေါင်း ၃၁၁ ဦး ရောဂါကူးစက်ခံထားရသည်။

မြို့တော်ပေကျင်းပတ်ပတ်လည်တွင်လည်း သတိပေးချက်တိုးမြှင့်ထားသည်။ ပေကျင်းနှင့် မိုင် ၁၀၀ နီးပါးဝေးသော Anxin ကောင်တီတွင် နောက်ထပ်သတိပေးချက်မထုတ်ပြန်သည့်အချိန်ထိ လူနေရပ်ကွက်များနှင့်ရွာများကို အဝင်အထွက်ပိတ်ထားသည်။

NHC ၏ ထုတ်ပြန်ချက်အရ ဇွန်လ ၂၈ ရက်က ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ကူးစက်သူ ခြောက်ဦးရှိခဲ့ပြီး ထိုအရင်ရက်က ခုနစ်ဦးရှိခဲ့သည်ဟု ဆိုသည်။

ယနေ့အချိန်ထိ တရုတ်ပြည်မကြီးတွင် ဗိုင်းရပ်စ်ကူးစက်သူ ၈၃၅၁၂ ဦးရှိပြီး သေဆုံးသူမှာ ယခင်ကိန်းဂဏန်းအတိုင်း ၄၆၃၄ ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly