မြို့ကြီးများ၌ ကူးစက်မှု မြင့်တက်နေ၍ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၅၀၀၀၀၀ ကျော်လာ

မြို့ကြီးများ၌ ကူးစက်မှု မြင့်တက်နေ၍ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၅၀၀၀၀၀ ကျော်လာ

ဇွန် ၂၈

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၇၀၀၀ ကျော် ရှိခဲ့ရာ နိုင်ငံအတွင်း စုစုပေါင်း ကူးစက်ဖြစ်ပွားသူဦးရေသည် ၅၀၀၀၀၀ ကျော်အထိ ရှိသွားပြီဟု စနေနေ့က ထုတ်ပြန်သော ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။

နယူးဒေလီအပါအဝင် မြို့ကြီးများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်နေခြင်းနှင့်အတူ ယခုကဲ့သို့ ကူးစက်မှုနှုန်း မြင့်မားရောက်ရှိလာခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် အမေရိကန်၊ ဘရာဇီးနှင့် ရုရှတို့ပြီးလျှင် ကမ္ဘာ့ပေါ်တွင် COVID-19 ဖြစ်ပွားမှု စတုတ္ထမြောက် အများဆုံးနိုင်ငံပဲ ဖြစ်သည်။

နိုင်ငံ၌ ကူးစက်မှုနှုန်းသည် တရိပ်ရိပ် ဆက်လက်မြင့်တက်နိုင်ဖွယ်လည်း ရှိနေသည်။ အာဏာပိုင်များအနေဖြင့် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရေးထက် သေဆုံးနှုန်းကို လျှော့ချရေးအား လက်ရှိတွင် ဦးစားပေးသင့်သည်ဟု အစိုးရအား အကြံပေးနေသည့် ပညာရှင်များက ပြောသည်။

“ကျွန်တော်တို့ရဲ့ ဦးစားပေးရမှာက သေဆုံးနှုန်းကို တားဆီးဖို့ပဲ။ ကူးစက်မှုနှုန်းကို မတန့်နိုင်ဘူး။ နှုန်းထားက ဆက်လက် တိုးလာလိမ့်မယ်။”ဟု အိန္ဒိယ ပင်မကိုရိုနာဗိုင်းရပ်စ်လုပ်ငန်းစဉ် အဖွဲ့ဝင်နှင့် အမျိုးသားရောဂါပိုးမွှားအသင်း ညွှန်ကြားရေးမှူးဖြစ်သည့် ဒေါက်တာ မာနော့မူဟီကာက ပြောသည်။

မီချီဂန်တက္ကသိုလ်မှ ပါမောက္ခ ဘဟာရမ်မာမူခါဂျီ ဦးဆောင်သော COVID-19 သုတေသနအဖွဲ့က အိန္ဒိယနိုင်ငံသည် ဇူလိုင် ၁၅ ရက်ဆိုလျှင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၇၇၀၀၀၀ မှ ၉၂၅၀၀၀  ကြားအထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

ကူးစက်မှု ပမာဏ လျင်မြန်စွာ မြင့်တက်လာခြင်းနှင့် ဆေးရုံများ လိုအပ်ချက် ရှိလာခြင်းကြောင့် နယူးဒေလီကဲ့သို့ မြို့အချို့တွင် COVID-19 လူနာများအား ကုသရေးနှင့် ရောဂါခြေချုပ် ထားရှိရေးတို့အတွက် ကုတင်ထောင်ပေါင်းများစွာနှင့်အတူ ယာယီဆေးရုံများ ဆောက်လုပ်ရန် လုံးပမ်းနေရသည်။

လူဦးရေ သန်း ၂၀ နီးပါးရှိသည့် နယူးဒေလီမြို့တွင် COVID-19 လူနာများအတွက် ဆေးရုံကုတင် ၁၃၂၀၀ နီးပါးသာ ရှိပြီး လာမည့် သီတင်းပတ်များအတွင်း အနည်းဆုံး ကုတင် ၂၀၀၀၀ ဖြည့်သွင်းမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly