တောင်တရုတ်ပင်လယ်ပြင်ပေါ်၌ လွတ်လပ်စွာပျံသန်းခွင့် အာဆီယံအလေးထားပြောကြား

တောင်တရုတ်ပင်လယ်ပြင်ပေါ်၌ လွတ်လပ်စွာပျံသန်းခွင့် အာဆီယံအလေးထားပြောကြား

ဇွန် ၂၇

အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များသည် တောင်တရုတ်ပင်လယ်ပြင်၌ လွတ်လပ်စွာပျံသန်းခွင့်၏ အရေးကြီးပုံကို သောကြာနေ့က ကျင်းပသည့် အာဆီယံအွန်လိုင်းထိပ်သီးအစည်းအဝေးပွဲ၌ အလေးထားပြောဆို လိုက်ပြီး တရုတ်ထံ ပြင်းထန်သော သတင်းစကားပါးလိုက်ခြင်းပင်ဖြစ်သည်။

ဗီယက်နမ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အဆိုပါအွန်လိုင်းထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များသည် ဒေသန္တရကပ်ရောဂါရန်ပုံငွေတည်ထောင်ခြင်းနှင့် ဆေးဝါးပစ္စည်းသိုလှောင်ရုံများတည်ဆောက်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစိန်ခေါ်မှုများကို ရင်ဆိုင်ရန်သဘောတူညီခဲ့ကြပြီး  ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်များ ဆက်လက်လက်ထိန်းသိမ်းရန် သန္နိဋ္ဌာန်ပြုခဲ့ကြသည်။

တရုတ်သည် ကျန်အာရှနိုင်ငံများထက်အရင် ကပ်ရောဂါမှ ပြန်လည်နိုးထလာပြီးနောက် တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်မှုပိုမိုအားကောင်းလာစေရန် ကြိုးပမ်းလာစဉ်မှာ ယခုထိပ်သီးစည်းနွေးပွဲပေါ်ပေါက်လာခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်ပြင်၌ ပျံသန်းရေးနှင့် ရေကြောင်းသွားလာမှုတွင် ငြိမ်းချမ်းရေး၊ ဘေးအန္တရာယ်ကင်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် လွတ်လပ်မှုကို ထိန်းသိမ်းမြှင့်တင်ရေးသည် အရေးကြီးကြောင်း အာဆီယံအလှည့် ကျဥက္ကဋ္ဌ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ထပ်လောင်းပြောကြားထားသည်။

နိုင်ငံတစ်နိုင်ငံသည် လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ ) အတည်ပြုသတ်မှတ်ခွင့်ရှိပြီး သင့်တော်သည်ဟု ယူဆပါက ကျူးကျော်သူကို တားဆီးရန် အလျင်အမြန်လှုပ်ရှားနိုင်သည်။ တရုတ်သည် ၂၀၁၃ ခုနှစ်က အရှေ့တရုတ်ပင်လယ်ပြင်ရှိ ကျယ်ပြန့်သောနေရာအပေါ်၌ ADIZ  ဧရိယာ ကြေညာခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်ပြင်၏ဧရိယာအများအပြားကို ၎င်းတို့ပိုင်နက်အဖြစ် ပြောဆိုထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Zhao Lijian က “ နိုင်ငံတိုင်း လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ ) သတ်မှတ်ခွင့်ရှိပါတယ်။ လေကြောင်းကာကွယ်ရေးမှာ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို အခြေခံပြီး ADIZ  သတ်မှတ်ဖို့ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ရဲ့ သက်ဆိုင်ရာရေပိုင်နက်မှာ လေကြောင်းလုံခြုံရေးခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတာကြောင့်  အချက်အလက်တွေအား  လုံးကို ထည့်သွင်းစဉ်းစားပြီး သက်ဆိုင်ရာ ပြဿနာတွေကို သေသေချာချာ ချင့်ချိန်ပြီး လေ့လာသွားမှာပါ” ဟု တနင်္လာနေ့က ပြောသည်။

ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc က အာဆီယံခေါင်းဆောင်များသည် ဒေသတွင်းနှင့်ကမ္ဘာရှိ လတ်တလောဖွံ့ဖြိုးတိုးတက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်း၊ သဘောထားကွဲလွဲမှုများကို မရှောင်ရှားနိုင်သော်လည်း အခြေအနေကို ထပ်မံရှုပ်ထွေးစေမည့် လုပ်ရပ်များကိုရှောင်ကြဉ်ပြီး မိမိဘာသာ ထိန်းချုပ်နိုင်ရေးလေ့ကျင့်ဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာဥပဒေများကို သတိပြုရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့ကြောင်း သောကြာနေ့ညနေပိုင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

အာဆီယံနှင့်တရုတ်သည် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်များကို ဆွေးနွေးနေဆဲဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် အပြီးသတ်ရန် စီစဉ်ထားသည်။ သို့သော်ကပ်ရောဂါကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရပြီး ဆွေးနွေးပွဲ ရွှေ့ဆိုင်းခဲ့ရသည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

အာဆီယံခေါင်းဆောင်များသည် တောင်တရုတ်ပင်လယ်အတွင်း လတ်တလောလှုပ်ရှားမှုများနှင့် ပိုင်နက်ပြန်ရရှိရေးအတွက် စိုးရိမ်နေကြောင်း၊ ထိုဖြစ်ရပ်များကြောင့် ယုံကြည်မှုပျက်ပြားကာ တင်းမာမှုမြင့်တက်လာနိုင် ကြောင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်တည်ငြိမ်မှုကို အဟန့်အတားဖြစ်စေနိုင်ကြောင်း ထိပ်သီးအစည်းအဝေးထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခုလတွင်လည်း တရုတ်ရေယာဉ်တစ်စင်းသည် အငြင်းပွားဖွယ် ပါရာဆယ်ကျွန်းအနီး၌ ဗီယက်နမ်ငါးဖမ်းလှေနားကပ်လာခဲ့ပြီး လှိုင်းအရှိန်ကြောင့် လှေပေါ်ရှိ ပစ္စည်းများနှင့် လူများရေထဲသို့ ကျခဲ့ကြသည်။

တရုတ်သင်္ဘောသည် သင်္ဘောသားများကို ကယ်ခဲ့သော်လည်း လှေပေါ်မှ ပစ္စည်းနှင့်ပင်လယ်စာများကို ယူဆောင်သွားခဲ့သည်ဟု ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ တရုတ်သည် ဧပြီလလယ်ကလည်း တောင်တရုတ်ပင်လယ်ပြင်၌ လေယာဉ်တင်သင်္ဘော Liaoning နှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ တရုတ်ငါးဖမ်းသင်္ဘောများသည် အင်ဒိုနီးရှား၏သီးသန့်စီးပွားရေးဇုန်ရေပိုင်နက်၌ သွားလာနေသည့်အတွက် အင်ဒိုနီးရှားသည် မေလနှောင်းပိုင်းက ကုလသမဂ္ဂသို့ တိုင်ကြားစာပို့ခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးကို နှစ်,နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ဧပြီလ၌ ကျင်းပရန် စီစဉ်ထားရာမှ ကပ်ရောဂါကြောင့် ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ သောကြာနေ့ကပြုလုပ်သည့် အွန်လိုင်းထိပ်သီးအစည်းအဝေးတွင် စီးပွားရေး နာလန်ပြန်ထူရေးနှင့် ရေရှည်ခံနိုင်ရည်ရှိမှုအတွက် နည်းဗျူဟာများကို ဦးစားပေးဆွေးနွေးခဲ့ကြသည်။

အာဆီယံသည် ကမ္ဘာ့ပထဝီမဟာဗျူဟာ ပြောင်းလဲမှုများနှင့်ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများနှင့် အခွင့်အရေးများရှေ့မှောက်၌ မားမားမတ်မတ်ရပ်တည်နေကြောင်း ဗီယက်နမ်ဝန် ကြီးချုပ်က အွန်လိုင်းထိပ်သီးအစည်းအဝေးဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဒေသတွင်းစီးပွားရေးလုပ်ငန်းအတွက် စိုးရိမ်စရာအချက်များအနက် နယ်စပ်ဖြတ်ကျော်ဒေသတွင်းစီးပွားရေးပြန်လည်စတင်ရေးသည် တစ်ခုဖြစ်ကြောင်း၊ အာဆီယံခရီးသွားစင်္ကြံလို အပ်ကြောင်းနှင့် အဆိုပါကိစ္စရပ်ဆွေးနွေးရန် ဝန်ကြီးများခန့်အပ်သင့်ကြောင်း ပြောခဲ့သည်။

အထူးသဖြင့် ကပ်ရောဂါကာလနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များအတွက် ဒစ်ဂျစ်တယ်နည်းပညာများနှင့်ဆက်သွယ်ရေးများမှတစ်ဆင့် e-health care ဝန်ဆောင်မှုများတိုးမြှင့်ရန်လည်း ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။

ကုန်သွယ်ရေးနှင့်ပတ်သက်၍ လွတ်လပ်သောကုန်သွယ်မှုနှင့် အာဆီယံနှင့်အဓိကစီးပွားဖက်များအကြား ပြီးပြည့်စုံသော စီးပွားရေးမိတ်ဖက်များတည်ထောင်ခြင်း၏အရေးပါမှုကို ထပ်လောင်းအတည်ပြုခဲ့သည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်နှင့်ဟောင်ကောင်တို့နှင့်အတူ အိန္ဒိယသည်လည်း အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်းနှင့် ကုန်သွယ်ရေးသဘောတူညီချက်များတွင် ကပ်ရောဂါအလွန်ပြန် လည်ထူလန်  ရေးနှင့် ကြံ့ခိုင်သော ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် ဖန်တီးခြင်းများလည်းအကျုံးဝင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်နိုဝင်ဘာလက ဘန်ကောက်တွင် ကျင်းပသော အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ အိန္ဒိယဝန်ကြီးချုပ် နရန္ဒြရာမိုဒီက ၁၆ နိုင်ငံပါဝင်သည့် ဒေသဆိုင်ရာဘက်စုံစီးပွားရေးမိတ်ဖက်ကုန်သွယ်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးရေးညှိနှိုင်းမှုမှ နုတ်ထွက်မည်ဟု ပြောဆိုခဲ့သည်။

ဟနွိုင်းမှလက်ခံကျင်းပသော အွန်လိုင်းထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များက သဘောတူညီချက်၌ အိန္ဒိယပါဝင်လာမည်ဟု မျှော်လင့်ကြောင်းနှင့် ဆွေးနွေးပွဲကို အစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်သွားရန် အတည်ပြုခဲ့သည်။ အဆိုပါကုန်သွယ်မှုသဘောတူညီချက်ကို ယခုနှစ်ကုန်တွင် ချုပ်ဆိုနိုင်ရန်မျှော်လင့်ထားသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အိန္ဒိယအတွက် ဆွေးနွေးမှုတံခါးဖွင့်ထားဆဲဖြစ်ကြောင်း ဗီယက်နမ် ဒု-နိုင်ငံခြားရေးဝန်ကြီး Nguyen Quoc Dung က အင်္ဂါနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required