COVID-19 အချက်အလက်များ လုံးဝမှားယွင်း ဖော်ပြနေသည်ဟု WHO ကို ဆွီဒင် စွပ်စွဲ

COVID-19 အချက်အလက်များ လုံးဝမှားယွင်း ဖော်ပြနေသည်ဟု WHO ကို ဆွီဒင် စွပ်စွဲ

ဇွန် ၂၇

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည် COVID-19 အချက်အလက်များကို မှားယွင်းဖော်ပြနေပြီး ဆွီဒင်နိုင်ငံ ရင်ဆိုင်နေရသည့် ကျန်းမာရေး ဘေးအန္တရာယ်ကို လွန်ကျွံစွာ ဖော်ပြခဲ့သည်ဟု စွပ်စွဲရင်း ဆွီဒင်အစိုးရ ရောဂါပိုးမွှား ပညာရှင်က ပြစ်တင်ရှုတ်ချသည်။

ဆွီဒင်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် အရှိန်မြှင့် ကူးစက်နေမှုမှာ တစ်ကျော့ပြန် ဖြစ်ပွားမှုဆီ ဦးတည်နေပြီး မကြပ်မတ်ခဲ့ပါက ဥရောပ၌ နောက်ထပ်တစ်ဖန် ကျန်းမာရေးစနစ် ချောက်ကမ်းပါးထဲ ကျဆင်းမှု ဖြစ်လာလိမ့်မည်ဆိုသော စာရင်းတွင် ထည့်သွင်းထားခံရသည်မှာ WHO ၏ လုံးလုံး အမှား ကျူးလွန်လိုက်ခြင်းပဲ ဖြစ်သည်ဟု နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအား တိုက်ဖျက်ရာ၌ ပဲ့ကိုင်နေသူတစ်ဦးဖြစ်သည့် အန်းဒရစ်တက်ခ်နဲလ်က ပြောသည်။

နိုင်ငံ ၁၁ နိုင်ငံကို ထည့်သွင်းဖော်ပြထားသော အဆိုပါ စာရင်းသည် ဆွီဒင်နိုင်ငံ၏ ဗိုင်းရပ်စ်ကပ်ဘေးအပေါ် မသိမသာ ကွဲပြားစွာ ချည်းကပ်တုံ့ပြန်ပုံကို နားလည်ခြင်း မရှိ၍ ဖြစ်သည်ဟုလည်း တက်ခ်နဲလ်က ပြောသည်။

“ဆွီဒင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျွန်တော်တို့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေ အများအပြား လုပ်ဆောင်ခဲ့တာကစပြီး စမ်းသပ်တွေ့ရှိသူ အရေအတွက် တိုးများလာခဲ့တာ ဖြစ်တယ်။”ဟု ၎င်းက အစိုးရအသံလွှင့်ဌာနသို့ သောကြာနေ့က ပြောသည်။

“ဒါပေမယ့် ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အခြားသော သတ်မှတ်ချက်အားလုံးကိုလည်း ကြည့်ရမှာ ဖြစ်ပြီး ပြင်းထန်တဲ့ ကူးစက်ဖြစ်ပွားမှုတွေ လျော့ကျနေတာကို တွေ့ရမှာ ဖြစ်တယ်။”ဟု တက်ခ်နဲလ်က ပြောခဲ့သည်။

ယင်းနောက်တွင် WHO က ဆွီဒင်မီဒီယာသို့ အီးမေးလ်ဖြင့် ၎င်း၏ အကဲဖြတ်ချက်နှင့်ပတ်သက်ကာ ရှင်းလင်းခဲ့ရာ၌ Bloomberg News သို့လည်း ထို ရှင်းလင်းချက်ကို ပေးပို့ခဲ့သည်။ ဆွီဒင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်မှုသည် တော်တော်လေး မြင့်မားနေကြောင်း၊ သို့သော် ဇွန်လအစမှ စပြီး စမ်းသပ်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် ယင်းသို့ ကူးစက်သူနှုန်း မြင့်တက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းထားသည်။

“ဒါပေမယ့် စမ်းသပ်စစ်ဆေးမှုတွေမှာ ကူးစက်ခံရတာကို တွေ့ရှိတဲ့ နှုန်းထားအချိုးအစားဟာ တည်ငြိမ်နေပြီး ၁၂ နဲ့ ၁၃ ရာခိုင်နှုန်း အထက်မှာ ရှိနေတယ်။”ဟု WHO က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly