ကျောက်တန်းကျေးရွာအနီးရှိ ဒေသခံများကို နေရပ်တိမ်းရှောင်ခိုင်းသည့်ကိစ္စ ပြန်ရုပ်သိမ်းရန် တောင်းဆို

ကျောက်တန်းကျေးရွာအနီးရှိ ဒေသခံများကို နေရပ်တိမ်းရှောင်ခိုင်းသည့်ကိစ္စ ပြန်ရုပ်သိမ်းရန် တောင်းဆို
ဓာတ်ပုံ - နောင်နောင် / မဇ္ဈိမ

ဇွန် ၂၆

ရခိုင်ပြည်နယ် ကျောက်တန်းကျေးရွာအနီးတဝိုက်ရှိ ဒေသခံများကို နေရပ်တိမ်းရှောင်ခိုင်းသည့် ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းပေးရန် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး (REC) က တောင်းဆိုသည်။

ကျောက်တန်းကျေးရွာအနီးရှိ ကျေးရွာများတွင် AAတပ်ဖွဲ့ဝင်များ ဖြန့်ခွဲလှုပ်ရှားနေသည့် အတွက် နယ်မြေရှင်းလင်းရေးလုပ်ရန် ယင်းကျောက်တန်းကျေးရွာအနီးတဝိုက်ရှိ ဒေသခံများအနေဖြင့် ခေတ္တတိမ်းရှောင်ပေးကြရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တဆင့် ညွန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းအပြင် AAတပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူများကို လက်ခံမထားရန်လည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ အရပ်သားများနေထိုင်သည့် ကျေးရွာများကို စစ်တလင်းပြင်ဖြစ်စေပြီး ဒေသခံများ ခိုကိုးရာမဲ့ဖြစ်စေသည့်အတွက် ယင်းထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံးမှ ကိုဇော်ဇော်ထွန်းက ပြောသည်။

“ပထမတချက်က ဒီမှုအားဖြင့်ပြောရမယ်ဆိုရင် အရပ်သားတွေ နေထိုင်တဲ့နေရာကို စစ်တလင်းပြင် မလုပ်ရဘူးပေါ့။ ဒါက လက်နက်ကိုင်အားလုံးက လိုက်နာရမယ့် ကိစ္စတွေဖြစ်တယ်။ နောက်တစ်ခုက ဒီတိုက်ပွဲတွေကြားထဲမှာ အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရဖို့ဆိုတာက စဉ်းစားရမယ့် ကိစ္စဖြစ်တယ်။ အဲဒီလိုအခြေအနေမျိုးတွေနဲ့ အခုထုတ်ပြန်ချက်တွေက လုံးဝပြောင်းပြန်ဖြစ်နေတာ။” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

လက်ရှိတွင်  မိုးတွင်းကာလဖြစ်နေသောကြောင့် ကျေးရွာနေဒေသခံများ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်များကို မဝင်ရပါက ထိခိုက်ပျက်စီးမှု များစွာကြုံရနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

ယခုတိမ်းရှောင်ခိုင်းသော ကျောက်တန်းတိုက်နယ်အုပ်စုတွင် ကျေးရွာပေါင်း ၄၃ ရွာရှိပြီး ဒေသခံ ၃ သောင်းကျော်လောက် နေထိုင်ကြကြောင်း သိရသည်။

ယင်းကျေးရွာများအနက် ကျေးရွာပေါင်း ၁၀ ကျော်ခန့်မှ ဒေသခံများမှာ ယခင်ကတည်းက ရသေ့တောင်မြို့ပေါ် ရှိ စစ်ဘေးရှာင် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြကြောင်းလည်း သိရသည်။

ကျေးရွာများကို နယ်မြေရှင်းလင်းရေးပြုလုပ်ပါက ကျေးရွာသားများ အခက်အခဲဖြစ်မည်ကို စိုးရိမ်သည့်အတွက် ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းရေးဘက်သို့သွားစေချင်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“ဒီလိုရွာတွေကို နယ်မြေရှင်းမှုတွေကို အနည်းနဲ့အများ ကျေးရွာသားတွေ အခက်အခဲတွေဖြစ်ကြမယ်။ ဒုက္ခတွေ ဖြစ်မယ်။ အဓိကတော့ မလုပ်စေချင်ဘူး။ ဆိုတော့ ဒါတွေကို ညှိနှိုင်းဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးဘက်ပဲ သွားစေချင်တယ်။ ” ဟု ဒေါ်ခင်စောဝေက ပြောသည်။

ထိုကျေးရွာမှ ကျေးရွာသားများတိမ်းရှောင်မပေးပါက ယခုထက် ပြဿေနာ ပိုမိုကြီးမားလာနိုင် ကြောင်း သုံးသပ်မှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တပ်မတော်၏သဘောထားကို သိရရှိစေရန်အတွက်  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေ ကြားခြင်း မရှိပေ။

လက်ရှိတွင်လည်း တိုက်ပွဲများပြင်းထန်နေသည့်အတွက် ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသရှိ စစ်ဘေးဒုက္ခသည် နှစ်သိန်းခန့်ရှိနေပြီဖြစ်ကြောင်း စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ယခုလို နှစ်ဘက်တိုက်ပွဲများကြားတွင် မြေစာပင်ဖြစ်နေသည့် ပြည်သူ၏ အခက်ခဲကို အားလုံးဝိုင်းဝန်းဖြေရှင်းပေးစေချင်ကြောင်းလည်း ဒေါ်ခင်စောဝေက ပြောသည်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့် ရခိုင့်တပ်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ခွဲခန့် ကြာမြင့်နေပြီဖြစ်ပြီး အရပ်သားသေဆုံးမှုများလည်း နေ့စဉ်မြင့်တက်လာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly