ကိုဗစ်ကာလ ပြည်သူများ၏စိတ်ပိုင်းဆိုင်ရာပြဿနာ ဆန်းစစ်မှုပြုလုပ်မည်

ကိုဗစ်ကာလ ပြည်သူများ၏စိတ်ပိုင်းဆိုင်ရာပြဿနာ ဆန်းစစ်မှုပြုလုပ်မည်
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ ဇွန် ၂၆

COVID-19 ကာလ ပြည်သူများ၏ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများဆန်းစစ်မှုပြုလုပ်မည်ဖြစ်ပြီး  ကူးစက်လူနာများသည့် အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်ရှိပြည်သူများနှင့် လှိုင်သာယာမြို့နယ်ရှိ စက်ရုံအလုပ်ရုံ ဝန်ထမ်းများကိုလည်း ထည့်သွင်းဆန်းစစ်စေလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။

စိတ်ကျန်းမာရေးစီမံချက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများက ယခုပြုလုပ်မည့်သုတေသန ဆိုင်ရာကိစ္စများတင်ပြလာမှုအပေါ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ဒီအစီအစဉ်ကိုဝန်ကြီးဌာန၏သုတေသနရန်ပုံငွေနှင့် ဆောင်ရွက်စေလိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်းသိရသည်။

ကိုဗစ်ကာလအတွင်း ပြည်သူများအကြား ဖြစ်ပေါ်လာသည့် စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်၊ စိတ်ကျရောဂါအပါအဝင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများဆန်းစစ်မည့်အစီအစဉ်ကို ဝန်ကြီးဌာနမှ ဘတ်ဂျက်ကျလာသည်နှင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး သုတေသနပြုလုပ်မှုအရ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ ကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း  စိတ်ရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခ  ဒေါက်တာဆန်းလင်းက ဆိုသည်။

နေပြည်တော်ကုတင် ၁ဝဝဝ ဆေးရုံကြီးမှ စိတ်ရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဆန်းလင်းက“တကယ်လိုအပ်တဲ့ နေရာတွေမှာ ကိုဗစ်ဖြစ်ပွားမှုများပြားတဲ့ နေရာတွေမှာ အမြန်ဆုံးစိတ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ လေ့လာဆန်းစစ်ချက်ရော၊ ကျန်းမာရေးဆိုင်ရာ လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကိုရော အမြန်ဆုံးလုပ်ဆောင်ဖို့ ဝန်ကြီးက ကျွန်တော်တို့အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် ဆောင်ရွက်ဖို့ ပြောတာပါ” ဟု မဇ္ဈိမကိုပြောသည်။

COVID-19 ကာလအတွင်း ‌ပြည်သူလူထုအနေဖြင့် ရောဂါအန္တရာယ်အပေါ် စိုးရိမ်ရသကဲ့သို့ စီးပွားရေးကျပ်တည်းမှု၊ သွားရေးလာရေးခက်ခဲမှုအပါအဝင် လူမှုရေးဆိုင်ရာပြဿနာအမျိုးမျိုးကိုလည်း ရင်ဆိုင်လာရသဖြင့် စိတ်ဖိစီးမှု၊ စိတ်ကျရောဂါများကိုလည်း ပိုခံစားလာနေရကြောင်းလည်း ဒေါက်တာဆန်းလင်းက ပြောသည်။

COVID-19 ကာလအတွင်း တစ်ကမ္ဘာလုံးက ဒေသအသီးသီးရှိ လူတိုင်းတွင် စိတ်ဖိစီးမှုများ၊ စိုးရိမ်စိတ်လွန်ကဲမှုများ ၊ စိတ်ဓာတ်ကျမှုများနှင့်ကြုံတွေ့နေကြရသည်။

 “ကိုဗစ်ကာလမှာ ကူးစက်ရောဂါကြောက်ရသလို ကျန်တဲ့ လူမှုရေး၊ စီးပွားရေး ကြပ်တည်းလာတယ်။ အလုပ်လက်မဲ့တာတွေ များလာတယ်။ အိမ်တွင်းမှာ အနေကြာလာသလို အိမ်တွင်းရေးပဋိပက္ခတွေ များလာတယ်။ နောက်တော့ ပိုပြီးစားဝတ်နေရေးတွေ ခက်ခဲလာတယ်။ သွားရေးလာရေး၊ အစားအသောက် လိုအပ်ချက်တွေ မပြည့်စုံဖြစ်လာတယ်” ဟု ပြောသည်။

စိတ်ကျန်းမာရေးပြဿနာများသည် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများနှင့် ထပ်တူအရေးကြီးသည့်အတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ပံ့ပိုးပေးမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့က စိတ်ကျန်းမာရေးဆိုင်ရာလုပ်ငန်းနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ စိတ်ကျန်းမာရေးစီမံချက်မန်နေဂျာ ပါမောက္ခဒေါက်တာတင်ဦး၊ နေပြည်တော်ကုတင် ၁ဝဝဝ ဆေးရုံကြီးမှ စိတ်ရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဆန်းလင်းနှင့် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၊ စိတ်ကျန်းမာရေးပညာဌာနမှ ကထိကဒေါက်တာကြည်မင်းထွန်းတို့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly