အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များပြေးဆွဲရန် အိန္ဒိယစီစဉ်

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များပြေးဆွဲရန် အိန္ဒိယစီစဉ်

ဇွန် ၂၆

အိန္ဒိယသည် အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များကို ပြန်လည်စတင်နိုင်ရန် အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီတို့နှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ဖွယ်ရှိသည်။ COVID-19 ပျံ့နှံ့မှုနှင့်ပတ်သက်၍ အလားတူအနေအထားရှိသော နှစ်နိုင်ငံအကြား ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ အန္တရာယ်ကင်းသောခရီးသွားလာခြင်းကိုဖြစ်စေသည့် “ travel bubble” ခေါ် ခရီးသွားပုံစံတစ်ခုကို အစိုးရက ဆွေးနွေးလျက်ရှိသည်။

“လုပ်ငန်းတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုချက်တွေကို ချိန်ဆရင်းနဲ့ အိန္ဒိယ - အမေရိကန်၊ အိန္ဒိယ - ပြင်သစ်၊ အိန္ဒိယ - ဂျာမနီနဲ့ အိန္ဒိယ-ယူကေ တို့အကြား ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲနိုင်မယ့် အလားအလာတွေကို ကျွန်တော်တို့ စဉ်းစားနေပါတယ်။ အဲဒီနိုင်ငံတွေကို ခရီးသွားဖို့ တောင်းဆိုမှုတွေက လျော့နည်းသွားတာမရှိပါဘူး။ ညှိနှိုင်းဆွေးနွေးမှုတွေအရ မကြာခင် ယတိပြတ်ဆုံးဖြတ်ချက် ချမှတ်တော့မှာပါ” ဟု မြို့ပြလေကြောင်းဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အမေရိကန်၏ရာဇသံ

ပြည်ပရောက်အိန္ဒိယနိုင်ငံသားများကို နေရပ်ပြန်ခေါ်သော  Vande Bharat မစ်ရှင်အရ နေရပ်ပြန်ခေါ်သည့် စင်းလုံးငှားလေယာဉ်များပြေးဆွဲနေခြင်းကို တားမြစ်မည်ဟု အမေရိကန်က အိန္ဒိယလေကြောင်းကို ရာဇသံပေးပြီးနောက် ယခုဆုံးဖြတ်ချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ အိန္ဒိယက အကျိုးအမြတ်ကို မျှဝေခွင့်မပြုခဲ့သောကြောင့် အဆိုပါအထူးလေယာဉ်များသည် အမေရိကန်လေကြောင်းလိုင်းများကို ယှဉ်ပြိုင်မှုအားနည်းစေခဲ့ပြီး နှစ်နိုင်ငံအကြား ချုပ်ဆိုခဲ့သော ၂၀၀၅ ခုနှစ် လေကြောင်းပို့ဆောင်ရေးသဘောတူညီချက်အောက်ရှိ အပြန်အလှန်ရပိုင်ခွင့်များကို ငြင်းပယ်ရာရောက်သည်ဟု အမေရိကန်ကဆိုသည်။

အိန္ဒိယ၏ နေရပ်ပြန်ကယ်ဆယ်ရေးခရီးစဉ်များသည် အမှန်တကယ်ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း၊ အမေရိကန်သို့ ဝင်ရောက်နိုင်သည့် မည်သူ့ကိုမဆို လက်မှတ်ရောင်းချခြင်းများပါဝင်ပတ်သက်နေကြောင်း၊ အိန္ဒိယလေကြောင်းလိုင်းသည် အစိုးရ၏ တားမြစ်ခရီးစဉ်များကို လှည့်ကွက်ဆင်ပြီး ၎င်း၏ နေရပ်ပြန်စင်းလုံးငှားလေယာဉ်များကို အသုံးပြုနေနိုင်ကြောင်း အမေရိကန်ပို့ဆောင်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ အိန္ဒိယသည် ဇွန်လ ၁ ရက်မှ ဇူလိုင် ၁ ရက်အတွင်း လေယာဉ်ခရီးစဉ် ၅၉ ခု စီစဉ်ထားပြီး ၎င်းသည် အိန္ဒိယလေကြောင်းလိုင်း စီးပွားဖြစ်စီစဉ်ပြေးဆွဲမှု၏ ၅၃ %  ခန့်ရှိသည်ဟု ဆိုသည်။

တုံ့ပြန်မှုမရှိခြင်း

အမေရိကန်လေကြောင်းလိုင်း Delta Air Lines သည် အိန္ဒိယလေကြောင်းလိုင်းကဲ့သို့ နေရပ်ပြန်လေယာဉ်ခရီးစဉ်များဆောင်ရွက်ရန် မေလ ၂၆ ရက်က အိန္ဒိယမြို့ပြလေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန (MoCA) သို့ တောင်းဆိုခဲ့သော်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာမရရှိခဲ့ဟု ဆိုသည်။

MoCA က ၎င်းတို့သည် ယခုကိစ္စနှင့်ပတ်သက်ပြီး  အမေရိကန်သယ်ယူပို့ဆောင်ရေးဌာန၊ အမေရိကန်သံရုံးတို့နှင့် ဇွန်လ ၁၅ ရက်တွင် ဆွေးနွေးညှိနှိုင်းပြီးပြီဖြစ်ကြောင်း၊ တိကျသောအဆိုပြုချက်များတင်ပြရန် ဖိတ်ခေါ်ထားကြောင်းနှင့် ၂၀၂၀ ခုနှစ် ဇွန် ၁၉ ရက်တွင် တောင်းဆိုမှုအသေးစိတ်နှင့်စပ်လျဉ်း၍ သတင်းပေးပို့ချက်လက်ခံရရှိထားကြောင်း ထုတ်ပြန်ချက်တွင် ပြန်လည်ချေပပြောဆိုခဲ့သည်။

ဘောလ်တစ်နိုင်ငံများဖြစ်သည့် အက်စ်တိုနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံများသည် အချင်းချင်းနိုင်ငံနယ်စပ်များဖွင့်ကာ  Travel Bubble ခရီးစဉ်များကို အကောင်အထည်ဖော်ပြီးဖြစ်သည်။ အလားတူ ဩစတြီးယားနှင့် နယူးဇီလန်နိုင်ငံသည်လည်း နှစ်နိုင်ငံအကြား လွတ်လပ်စွာသွားလာနိုင်သော Trans-Tasman bubble ခရီးစဉ်အတွက် ဆွေးနွေးနေကြသည်။

လုပ်ထုံးလုပ်နည်းများညှိနှိုင်းခြင်း

Vande Bharat မစ်ရှင်ဖြင့်ပြန်လာသော  ခရီးသည်များသည် သက်ဆိုင်ရာနိုင်ငံက  ချမှတ်ထားသော ကွာရန်တင်းသတ်မှတ်ချက်များကို လိုက်နာရန် လိုအပ်သော်လည်း အိန္ဒိယအနေဖြင့် မတူညီသော နိုင်ငံများ၏ ယင်းလုပ်ထုံးလုပ်နည်းများကို ဆွေးနွေးညှိနှိုင်းမည်လား သို့မဟုတ်  သက်ညှာခွင့်ပေးမည်လားဆိုသည်ကို မသိရပေ။

“Travel Bubble က နိုင်ငံတကာခရီးသွားလာမှုကို ပြန်လည်စတင်ရာမှာ အကူအညီဖြစ်စေမယ့် ခြေလှမ်းတစ်ခုပါပဲ။ အရေးကြီးဆုံးက အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့အစည်း (ICAO) ရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ဖို့ပါပဲ။ ဒါမှ ဒီအစီအစဉ်မှာ တခြားနိုင်ငံတွေလည်း ပါဝင်လာနိုင်ပြီး တစ်ကမ္ဘာလုံးနဲ့ ပြန်လည်ဆက်သွယ်လာနိုင်မှာပါ” ဟု  အိန္ဒိယအပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့ (IATA) - India ဌာနေဒါရိုက်တာ Amitabh Khosla က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly