ထိုင်းနိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လာမည့်နှစ်စပိုင်းတွင် အဆင်သင့် ဖြစ်နိုင်

ထိုင်းနိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လာမည့်နှစ်စပိုင်းတွင် အဆင်သင့် ဖြစ်နိုင်

ဇွန် ၂၆
 
ထိုင်းနိုင်ငံအနေဖြင့် COVID-19 ကာကွယ်ဆေးတစ်မျိုးကို ၂၀၂၁ ခုနှစ် နှစ်စပိုင်းတွင် စတင်ထုတ်လုပ်သွားကောင်း သွားနိုင်ကြောင်း အများပြည်သူ ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်တွင် ပြောသည်။

“ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ အတွက် ဒီအင်န်အေ အမျိုးအစား ကာကွယ်ဆေးတစ်မျိုး ထုတ်ဖို့ ဘိုင်အိုနက်-အေးရှား ကုမ္ပဏီနဲ့ အတူပူးပေါင်းလုပ်ဆောင်နေပါတယ်၊ ကြွက်တွေနဲ့ နောက်ဆုံး စမ်းသပ်မှုတွေမှာလည်း သိသာထင်ရှားတဲ့ ပဋိပစ္စည်း တုန့်ပြန်မှုတစ်ခုကို ပြသထားပါတယ်” ဟု အများပြည်သူ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး အနူတင် ချန်ဗီရာကူလ်က ပြောသည်။

Bionet  သည် ထိုင်း-ပြင်သစ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်ပြီး ကကွယ်ဆေးများ ဖော်စပ်ထုတ်လုပ်ပေးသွင်းမှုအပိုင်းကို အဓိကထားလုပ်ကိုင်လျက် ရှိသည်။

“ကျွန်တော်တို့အနေနဲ့ ဆေးဘက်ဆိုင်ရာ သိပ္ပံဌာနက စစ်ဆေးနိုင်ဖို့အတွက် နမူနာတွေ ပြင်ဆင်နေပါတယ်၊ နောက်ပိုင်းမှာလည်း အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန (အက်ဖ်ဒီအေ) နဲ့အတူ လူနဲ့ စမ်းသပ်မှုတွေ လုပ်သွားမှာဖြစ်ပါတယ်” ဟု အနူတင်က ပြောသည်။

“တကယ်လို့ အက်ဖ်ဒီအေဘက်က ဇူလိုင်-စက်တင်ဘာမှာ မီးစိမ်းပြမယ်ဆိုရင် ကာကွယ်ဆေးဟာ ကိုးလအတွင်း ဒါမှမဟုတ် ၂၀၂၁ နှစ်စပိုင်းမှာ အများပြည်သူ အသုံးပြုဖို့ အသင့်ဖြစ်နေနိုင်ပါလိမ့်မယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

“ထိုင်းနိုင်ငံဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်တဲ့ ပထမဆုံးနိုင်ငံတွေထဲမှာ ပါဝင်သွားနိုင်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဒီဖော်မျူလာကို တစ်ကမ္ဘာလုံးဆီ ဝေမျှပေးဖို့ကိုလည်း စီစဉ်နေပါတယ်၊ ဒါပေမယ့် ထိုင်းပြည်သူတွေကတော့ ဒီ ကာကွယ်ဆေးကို ဦးစားပေး ရရှိမှာဖြစ်ပါတယ်” ဟု အနူတင်က ပြောသွားခဲ့သည်။

ကာကွယ်ဆေးအတွက် ထုတ်လုပ်မှု အလုပ်ရုံများကိုလည်း Bionet က အသင့်ပြင်ထားပြီး ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

စမ်းသပ် ကာကွယ်ဆေးကို မျောက်များနှင့် လူများတွင် စမ်းသပ်မှုများကို တပြိုင်နက်တည်း စတင်ရန် FDA ထံ ကုမ္ပဏီဘက်က ခွင့်တောင်းသွားမည်ဖြစ်ကြောင်း Bionet-Asia ၏ ဥက္ကဋ္ဌ ဝစ်သွန်း ဝေါဟန်ကူလ်က ပြော သည်။ ယင်းက လုပ်ငန်းစဉ်ကို အရှိန်ပိုမြန်ဆန်စေလိမ့်မည်ဟုလည်း သိရသည်။

“ ပုံမှန်အားဖြင့်တော့ ကာကွယ်ဆေးစမ်းသပ်မှုတွေကို တစ်ဆင့်ချင်းစီအလိုက် ခွင့်ပြုပေးပြီး အပြီးသတ်ရမှာဖြစ်တယ်၊ ကြွက်တွေကနေ မျောက်၊ နောက်ပြီး လူသားတွေပေါ့၊ ဒါပေမယ့် ကိုဗစ်-၁၉ ကိစ္စမှာက အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် အက်ဖ်ဒီအေအနေနဲ့ မျောက်တွေနဲ့ စမ်းသပ်တာနဲ့ လူတွေနဲ့ စမ်းသပ်တာကို တစ်ပြိုင်နက်တည်း စလုပ်ဖို့ ခွင့်ပြုပေးပါလိမ့်မယ်” ဟု အနူတင်က ပြောသွားခဲ့သည်။

ထိုင်းနိုင်ငံတွင် ရှေ့ပြေးပုံစံ ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစား ခြောက်မျိုးကို သုသေတနလုပ်ဆောင်ထားပြီး ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် အဖွဲ့အစည်းများကလည်း ကာကွယ်ဆေး သုတေသနလုပ်ဆောင်မှုအပိုင်းတွင် ပူးပေါင်းလုပ်ဆောင်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly