ပုဂံတွင် ဟိုတယ်များပြန်ဖွင့်ပြီ

ဇွန် ၂၅

ပုဂံဒေသတွင် ဇွန်လဆန်းမှစတင်ကာ ဟိုတယ် ၂၁လုံးအား တိုင်းအစိုးရခွင့်ပြု့မိန့်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားကြောင်းဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ပုဂံဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဦးဝင်းအောင် ကပြောသည်။

ပုဂံဒေသတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာအလုံးပေါင်း ၁၀၇လုံးရှိသည့်အနက်မှ  ဟိုတယ်ပေါင်း ၅၀ကျော်ခွင့်ပြု့မိန့် လျောက်ထားခဲ့ကြပြီး လက်ရှိမှာ ၂၁လုံးခွင့်ပြု့ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဟိုတယ်များကို ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှုဦးစီးဌာနမှ အချက် ၅၇ ချက်နှင့် ညီမညီကွင်းဆင်းစစ်ဆေးမှုများလုပ်ဆောင်ပြီး ဇွန်လ ၉ရက်နေ့မှ စတင်ခွင့်ပြု့ခဲ့ခြင်းဖြစ်သည်။

ဦးဝင်းအောင်က“ကျွန်တော်တို့စစ်ထားတဲ့ဟိုတယ်တွေမှာ ကျွန်တော်တို့ဘက်ကနေသတ်မှတ်ထားတဲ့စည်းကမ်းတွေအတိုင်းဧည့်သည်ဘက်ကရော ၊ဟိုတယ်ဘက်ကတော့လိုက်နာရမှာပေါ့လေ။ ဒီအချက်တွေလိုက်နာမယ် ဆိုလို့ရှိရင် ခရီးသွားလုပ်ငန်းအတွက်လည်းထိခိုက်စရာအကြာင်းမရှိဘူး”ဟုမဇ္ဈိမသို့ပြောသည်။

ဖွင့်လှစ်ထားသည့်ဟိုတယ်များတွင် အဓိကကအနေဖြင့် ဧည့်သည်များနှင့်ထိတွေ့ရသည့် ဧည့်ကြိုဌာန၊ အိပ်ခန်းဆောင်ဌာန၊ စားသောက်ခန်းဌာန ၊ စားဖိုဆောင်ဌာန များမှ ဝန်ထမ်းများသည် လက်အိတ်၊ နှာခေါင်းစည်း face shield တပ်ရမည်။ဧည့်သည်ကလည်းတပ်လာရမည်ဖြစ်သည်။

ဟိုတယ်သို့လာသောဧည့်သည်များ၏ကားများအားလည်း ပိုးသတ်ဆေးဖြန်းရမည်ဖြစ်သည်။ဘေလ်စင်များ ၊ဟန်းဂျယ်များထားရမည်ဖြစ်ကာဧည့်ကြိုကောင်တာတွင် မှန်သော်လည်ကောင်း ပလပ်စတစ်သော်လည်ကောင်း ကာထားရမည်ဖြစ်ကြောင်းသိရသည်။

COVID-19 ကာလအတွင်း ပြည်ပမှဝင်ရောက်လာသောခရီးသွားလာမှုတွေရပ်ဆိုင်းနေသေးသော်လည်း လက်ရှိဖွင့်လှစ်လိုက်သောဟိုတယ်များသည် ပြည်တွင်း ခရီးသွားများ၏ ခရီးစဉ်များကို ဦးတည်ဖွင့်လှစ်ခြင်းဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ခရီးသည်များအနေဖြင့် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်ဒေသန္တရညွှန်ကြားမှုများကို လိုက်နာရမှာဖြစ်ပြီး  ပုဂံရှိဘုရားများကို ခွင့်ပြု့ထားသည့်အတိုင်း ဘုရားဖွင့်ချိန် မနက်၉နာရီမှညနေ ၄နာရီအထိဖူးမြှော်နိုင်မှာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly