မလေးရှားသို့ ပင်လယ်မှ သွားရောက်သည့် ခရီးစဉ်၌ ရိုဟင်ဂျာ(မူရင်း) ဒါဇင်များစွာ သေဆုံးဖွယ် ရှိ

မလေးရှားသို့ ပင်လယ်မှ သွားရောက်သည့် ခရီးစဉ်၌ ရိုဟင်ဂျာ(မူရင်း) ဒါဇင်များစွာ သေဆုံးဖွယ် ရှိ

ဇွန် ၂၅

မလေးရှားနိုင်ငံသို့ လေးလကြာမြင့်သော စက်လှေဖြင့် သွားရောက်သည့် ပင်လယ်ခရီးစဉ်အတွင်း ရိုဟင်ဂျာ(မူရင်း) ဒါဇင်များစွာ သေဆုံးခဲ့ဖွယ်ရှိသည်ဟု ကမ်းခြေစောင့်တပ် တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ယခုလအစောပိုင်းက အာဏာပိုင်များ ကြားဖြတ်ဖမ်းဆီးခဲ့သော စက်လှေပေါ်တွင် လူ ၃၀၀ ကျော်ထက်မနည်း ရှိခဲ့ခြင်း ဖြစ်သည်ဟု မလေးရှားရေကြောင်းကာကွယ်ရေးအေဂျင်စီမှ ညွှန်ကြားရေးမှူးဖြစ်သူ ဇူဘီမတ်ဆွမ်းက ပြောသည်။

အသက်ရှင်ကျန်ရစ်သူ ၂၆၉ ဦးကို လန်ကာဝီကျွန်းသို့ ပို့ဆောင်ခဲ့သည်။

“တစ်ချို့တွေက ပင်လယ်ထဲမှာပဲ သေဆုံးခဲ့ကြတယ်။ သူတို့တွေကို ပင်လယ်ထဲ ပစ်ချထားခဲ့ကြတယ်။”ဟု အရေအတွက် တိတိကျကျ မဆိုဘဲ ဇူဘီက သတင်းထောက်များအား ပြောသည်။

ဒုတိယ စက်လှေပေါ်သို့ မကူးပြောင်းကြမီ မူရင်းလှေပေါ်၌ လူပေါင်း ၈၀၀ ကျော်ထက်မနည်းကို တင်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ဇူဘီက ဆိုသည်။

လက်ရှိတွင် လူပေါင်း ၅၀၀ နီးပါး လိုက်ပါနေဖွယ်ရှိသည် မူရင်းစက်လှေကို အာဏာပိုင်များက မတွေ့သေးပေ။

“ကျွန်တော်တို့ အနေနဲ့ အဲဒီ မူလစက်လှေကို မရှာတွေ့သေးဘူး။”ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော မွတ်စလင်ရိုဟင်ဂျာများ၏ ဦးစားပေး ခရီးပန်းတိုင် ဖြစ်နေသည်။ နှစ်စဉ် မှောင်ခိုသမားများမှတစ်ဆင့် အန္တရာယ်မှ လွတ်မြောက်အောင် ပင်လယ်ကို ဖြတ်ကာ ထွက်ပြေးသူပေါင်း ထောင်ပေါင်းများစွာ ရှိနေသည်။

ရိုဟင်ဂျာများသည် မြန်မာ သို့မဟုတ် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူ တစ်သန်းကျော်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လာရောက်ကြခြင်းဖြစ်သည်။ ယင်း ဒုက္ခသည်စခန်းများသည် အများစုက မြန်မာနိုင်ငံအတွင်း ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းမှုမှ ထွက်ပြေးလာကြသူများ ဖြစ်သည်။

မလေးရှားနိုင်ငံအနေဖြင့် ယခု နောက်ဆုံး ရောက်ရှိလာသူများကို ဘင်္ဂလားဒေ့ရှ် ပြန်ပို့ရန် စိတ်ပိုင်းဖြတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly