ထိုင်းပြန် မိသားစုကို Quarantine ဝင်ရန် သွားရောက် ခေါ်ယူတဲ့ အုပ်ချုပ်ရေးအဖွဲ့အား ဓားဖြင့် လိုက်ခုတ်၍ သေနတ်ဖြင့် ခြောက်လန့် ပစ်ခတ် ဖမ်းဆီး

ထိုင်းပြန် မိသားစုကို Quarantine ဝင်ရန် သွားရောက် ခေါ်ယူတဲ့ အုပ်ချုပ်ရေးအဖွဲ့အား ဓားဖြင့် လိုက်ခုတ်၍ သေနတ်ဖြင့် ခြောက်လန့် ပစ်ခတ် ဖမ်းဆီး
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ဘုတ်ပြင်း၊ ဇွန် (၂၄)

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီး မဏ္ဍိုင်မြို့ ထောင်ငါးသိုင်း ကျေးရွာအုပ်စု၊ ချောင်းမွန်ကျေးရွာတွင် ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံမှ ခိုးဝင်လာသည့် မြန်မာ အလုပ်သမား မိသားစုဝင် လေးဦးရောက်ရှိနေကြောင်း သိရှိရ၍ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့မှ Quarantine ဝင်ရန် သွားရောက် ခေါ်ယူစဉ် အိမ်ရှင်ဖြစ်သူမှ ဓားဖြင့် ရန်ပြုတာကြောင့် သေနတ်နဲ့ ခြောက်လန့် ပစ်ခတ် ဖမ်းဆီး အရေးယူ ခဲ့ရကြောင်း ယင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ထံမှ သိရ သည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံမှ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့၊ နယ်စပ်မှ တဆင့်သို့ မြန်မာ မိသားစုဝင် လေးဦး သည်၊ ခိုးဝင်လာခြင်း ဖြစ်ပြီး၊ အဆိုပါ မိသားစုဝင်များကို ဘုတ်ပြင်းမြို့၊ မိုးလုံလေလုံ အားကစားရုံရှိ Facility Quarantine Center သို့ ပြောင်းရွေ့ နေထိုင်းပေးရန် သွားရောက် ခေါ်ယူရာမှ တည်းခိုနေထိုင်သည့် နေအိမ်ပိုင်ရှင် ဆွေမျိုး တော်စပ်သူ ဦးသိန်းနိုင်မှ လာရောက် ခေါ်ယူသူ အုပ်ချုပ်ရေး အဖွဲ့ကို ရှမ်းဓားကောက် တစ်ချောင်းနှင့် ဓားဦးချွန် တစ်ချောင်းတို့ဖြင့် လိုက်လံ ရန်ပြုခဲ့သည်ဟု ကျေးရွာနေ ပြည်သူများထံမှ သိရ သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မဏ္ဍိုင်မြို့ ထောင်ငါးသိုင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလွင်မိုးသူက“ထိုင်းက ခိုးဝင်လာတဲ့ ပြည်တော်ပြန် မိသားစုဝင် လေးဦးကို ကျူးဝင်ဖို့ သွားခေါ်တာ ဖြစ်တယ်၊ သူတို့လည်း လိုက်မယ် ပြောတယ်၊ ဒါပေမယ့် အိမ်ရှင်ဖြစ်တဲ့ ဦးသိန်းနိုင်က သောက်စား မူးယစ်ပြီး ဓားနဲ့ လိုက်ခုတ်ဖို့ ရန်ပြုခဲ့တာ ဖြစ်တယ်”ဟု ပြောဆို သည်။

ထိုသို့ သက်ဆိုင်ရာ တာဝန်ရှိသူများကို ရန်ပြုတာကြောင့် ယင်းနေ့ ညပိုင်းတွင် ဦးသိန်းနိုင်အား ရဲတပ်ဖွဲ့ဝင်များနဲ့ သွားရောက် ဖမ်းဆီးရာ ဓားနှစ်ချောင်းနဲ့ ပြန်လည် ခုခံတာကြောင့် သေနတ်နဲ့ ခြောက်လန့် ပစ်ခတ်ခဲ့၍ ဝဲဘက်ပေါင်း အရင်းသို့ ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး ထပ်မံ ဖမ်းဆီးရာမှာ ဓားဖြင့် ဆက်လက် ထိုးခုတ်သဖြင့် ပစ်ခတ်ရာ ဝဲခြေသလုံး အလယ်သို့ ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်နဲ့ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိပြီး၊  ပြည်ကြီး မဏ္ဍိုင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက် ရှိကြောင်း ရှိသည်။

လက်ရှိမှာ ဦးသိန်းနိုင်အား ပြည်ကြီးမဏ္ဍိုင် နယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၇၊  ၃၅၃ ဖြင့် အမှုဖွင့် အရေးယူ ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly