တောင်ကိုရီးယားဆန့်ကျင့်သည့်လက်ကမ်းစာစောင် သန်းချီဖြန့်ရန် အဆင်သင့်ဖြစ်ဟု မြောက်ကိုရီးယားပြော

တောင်ကိုရီးယားဆန့်ကျင့်သည့်လက်ကမ်းစာစောင် သန်းချီဖြန့်ရန် အဆင်သင့်ဖြစ်ဟု မြောက်ကိုရီးယားပြော

ဇွန် ၂၂

မြောက်ကိုရီးယားသည် တောင်ကိုရီးယားကို လက်တုံ့ပြန်သည့်အနေဖြင့် ပူဖောင်း ထောင်ပေါင်းများစွာနှင့်အတူ လက်ကမ်းစာစောင်သန်းချီပို့လွှတ်ရန် အဆင်သင့်ဖြစ်နေပြီဟု တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

မြောက်ပိုင်းဆန့်ကျင်ရေးလက်ကမ်းစာစောင်များကို တောင်ကိုရီးယားဘက်က နယ်စပ်တစ်လျှောက်ပို့လွှတ်ခဲ့မှုအပေါ်  မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်ရှုတ်ချခဲ့သည်။ ထို့နောက် တောင်ပိုင်းဆန့်ကျင်ရေးလက်ကမ်းစာစောင်များကို ဖြန့်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြောဆိုပြီးနောက်တစ်ရက်အကြာ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ယခုကဲ့သို့ အသေးစိတ်ထုတ်ပြန်လာခြင်းဖြစ်သည်။

အစောပိုင်းက တောင်ကိုရီးယားရောက် ပြည်ပြေးများသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ လူအခွင့်အရေးချိုးဖောက်မှုများနှင့်နျူးကလီးယားရည်မှန်းချက်များကို ဝေဖန်ထားသော လက်ကမ်းစာစောင်များကို မိုးပျံပူဖောင်းများဖြင့် ချည်ခြင်း သို့မဟုတ် ဘူးထဲထည့်ကာ ရေမျှောခြင်းများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဆိုးလ်နှင့်ဝါရှင်တန်တို့ဘက်မှ အလျှော့ပေးမှုများလုပ်ဆောင်လာစေရန် မြောက်ကိုရီးယားက ရန်စလုပ်ရပ်များ အဆက်မပြတ်လုပ်နေခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) ထုတ်ပြန်ချက်တွင် ရန်သူကိုဆန့်ကျင်သော လက်ကမ်းစာစောင် အမြောက်အများ ဖြန့်ချိရန် ပြင်ဆင်နေမှုများ အပြီးသတ်ခါနီးပြီဖြစ်ကြောင်း၊ လူတန်းစားအလွှာပေါင်းစုံမှ အမျက်ဒေသနှင့် အမုန်းတရားများကို ရောင်ပြန်ဟပ်ဖော်ပြသော လက်ကမ်းစာစောင် ၁၂ သန်းကို  မြို့တွင်းမှ ပုံနှိပ်ထုတ်ဝေရေးအဖွဲ့အစည်းများက ပြင်ဆင်ပြီးပြီဖြစ်ကြောင်းနှင့် လက်ကမ်းစာစောင်နှင့်အတူတွဲချည်မည့် ပူဖောင်း ၃ ၀၀၀ ကျော်ကိုလည်း ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ယမန်နှစ်က ဟနွိုင်းထိပ်သီးအစည်းအဝေးတွင် ကင်ဂျုံအွန်းနှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့အကြား ဆွေးနွေးမှုမအောင်မမြင်ဖြစ်ပြီးနောက် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးသည် လပေါင်းများစွာအေးစက်နေခဲ့သည်။

ပြုံယမ်းနှင့်ဝါရှင်တန်အကြား တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းက အစောပိုင်းတွင် ညှိနှိုင်းစေ့စပ်ပေးခဲ့သော်လည်း အမေရိကန်မှ အရေးယူပိတ်ဆို့မှုများဖြေလျှော့သွားအောင် ဖျောင်းဖျပေးနိုင်ခဲ့ခြင်းမရှိဟု မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်ခဲ့သည်။

“တောင်ကိုရီးယားက သူ့အပြစ် သူ့ပြန်ခံရမှာပါ။ လက်ကမ်းစာစောင်တွေနဲ့စွန့်ပစ်ပစ္စည်းတွေ ပို့လွှတ်တာဟာ ဘယ်လောက် စိတ်ပျက်စရာကောင်းလဲဆိုတာ ကြုံတွေ့ရမှ သူတို့အကျင့်ဆိုးတွေကို စွန့်လွှတ်မှာပါ။ လက်တုံ့ပြန် ဒဏ်ခတ်ရမယ့်အချိန် နီးလာပါပြီ” ဟု KCNA က ပြောသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်အင်္ဂါနေ့ကလည်း နှစ်နိုင်ငံနယ်စပ်ရှိ ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သောကြောင့်နိုင်ငံတကာ၏ ‌ဝေဖန်ခံခဲ့ရသည်။ စစ်မဲ့ဇုန်အနီးတွင်လည်း တပ်အင်အား တိုးချဲ့ချထားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly