တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို တားဆီးရန် ထိုင်း ရဲတပ်ဖွဲ့ အထူးစောင့်ကြည့်နေ

တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို တားဆီးရန် ထိုင်း ရဲတပ်ဖွဲ့ အထူးစောင့်ကြည့်နေ

ဇွန် ၂၁

ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေရန်အလို့ငှာ လာအိုနှင့် ကမ္ဘောဒီးယားမှ ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီတို့ သဘာဝမြစ်ချောင်းများကနေတဆင့် နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်မှုများကို တားဆီးကာကွယ်ရန်အတွက် ထိုင်း လူဝင်မှုကြီးကြပ်ရေးဗျူရို (IB) က အထူးတင်းကျပ်စွာ စောင့်ကြည့်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

လက်ရှိကာလတွင် COVID-19 ကူးစက်ပျံ့နှံ့မှုကို ကန့်သတ်ထိန်းချုပ်ရန် နယ်စပ်များကို ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့အနေဖြင့် စိုးရိမ်ပူပန်လျက် ရှိကြောင်း IB ၏ အကြီးအကဲ ဒုတိယရဲဗိုလ်ချုပ်ကြီး ဆွန်ပေါင် ချင်ဒူအန်က ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားသားများကို ထိုင်းနိုင်ငံထဲ ဝင်ခွင့်ပြုထားခြင်း မရှိသေးပေ။ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်လာသည့် တချို့သော ရွှေ့ပြောင်းများသည် ၎င်းတို့နှင့်အတူ ဗိုင်းရပ်စ်ပိုးများ ပါကောင်းပါလာနိုင်ပြီး ၎င်းတို့ကို စစ်ဆေးရေး အာဏာပိုင်များက ဖမ်းမိနိုင်မည်မဟုတ်ဟု လေ့လာစောင့်ကြည့်သူများက ပြောသည်။

နိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်ပြည်နယ်လေးခု ဖြစ်သည့် Ubon Ratchathani ၊ Si Sa Ket ၊ Bung Kan နှင့် Nong Khai တို့တွင် ဖြစ်နိုင်ဖွယ် နယ်စပ်ဖြတ်ကျော်မှုများ တွေ့ရှိပါက ၎င်းထံ တိုက်ရိုက်သတင်းပေးပို့ရန် ထိုင်းအမျိုးသားရဲတပ်ဖွဲ့၏ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး ချက်သီ ချိုင်ဂျင်ဒါက ပြောထားသည်။

Ubon Ratchathani ၊ Bung Kan နှင့် Nong Khai တို့သည် လာအိုနှင့်နယ်စပ်ချင်း ထိစပ်နေပြီး Ubon Ratchathani နှင့် Si Sa Ket တို့သည် ကမ္ဘောဒီးယားနှင့် ထိစပ်နေသည်။

Nong Khai ရှိ ထိုင်း-လာအို ချစ်ကြည်ရေးတံတား ဖြတ်သန်းဂိတ်တစ်ခု၌ လူဝင်မှုရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း ဒုတိယရဲဗိုလ်ချုပ်ကြီး ဆွန်ပေါင်က ပြောသည်။

“တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကို ဖမ်းဆီးရာမှာ ရဲနဲ့ စစ်သားတွေ နီးနီးကပ်ကပ် ပူးပေါင်းအလုပ်လုပ်ကြဖို့ ကျွန်တော် လူဝင်မှုရဲတပ်ဖွဲ့ကို ညွန်ကြားခဲ့ပါတယ်၊ ပိုအရေးကြီးတာက သက်ဆိုင်ရာ ဒေသတာဝန်ရှိသူတွေလည်း ပါဝင်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

တချိန်တည်းမှာပင် ထိုင်းနိုင်ငံ၏ နယ်စပ်များကို ဆက်လက်ပိတ်ထားဆဲဖြစ်သော်လည်း ရွှေ့ပြောင်းလုပ်သားအများအပြားအနေဖြင့် မဲခေါင်မြစ်ကဲ့သို့ သဘာ၀ မြစ်၊ချောင်းများကနေတဆင့် နိုင်ငံထဲ ခိုးဝင်ရန် ကြိုးပမ်းထားဖူးကြောင်း၊ တချို့သည် မူးယစ်ဆေးဝါးများပင် မှောင်ခိုသယ်လာရန် ကြိုးစားခဲ့ဖူးကြောင်း IB ၏ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ် ဆူရာပေါင် ချိုင်ချန်က ပြောသွားခဲ့သည်။

ထိုင်းနိုင်ငံတွင် ယမန်နေ့ ဇွန်လ ၂၀ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် တစ်ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ယခုအခါ ယင်းနိုင်ငံတွင် စုစုပေါင်း ကူးစက်ခံထားရသူဦးရေသည် ၃,၁၄၇ ဦး ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly