တရုတ်ကာကွယ်ဆေး ၂၀၂၁ တိုင်အောင် ရောင်းချရန်အဆင်သင့်မဖြစ်သေးဟု ဆို

တရုတ်ကာကွယ်ဆေး ၂၀၂၁ တိုင်အောင် ရောင်းချရန်အဆင်သင့်မဖြစ်သေးဟု ဆို

ဇွန် ၂၀

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများလျော့နည်းလာသဖြင့် သုတေသီများသည် ကာကွယ်ဆေးကို လူအမြောက်အမြားဖြင့်စမ်းသပ်ရန်အခက်တွေ့နေသောကြောင့် ၎င်းတို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည် အနည်းဆုံး ၂၀၂၁ ခုနှစ်တိုင်အောင် ဈေးကွက်သို့ရောက်နိုင်မည်မဟုတ်ဟု ဆေးဝါးကုမ္ပဏီ အမှုဆောင်အရာရှိတစ်ဦးကပြောသည်။

လူပေါင်း ၄၅၀ ၀၀၀ ဦးထက်မနည်း သေဆုံးစေခဲ့သော  ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန် ကမ္ဘာ့တစ်လွှားတွင် ကာကွယ်ဆေး ၁၀ မျိုးကျော်ကို လူသားများနှင့် စမ်းသပ်လျက်ရှိသည်။ သို့သော် ကာကွယ်ဆေးထိရောက်မှုကို ဆုံးဖြတ်နိုင်ရန် လူထောင်ချီပါဝင်သည့်စမ်းသပ်မှုလုပ်ရသော စမ်းသပ်မှုနောက်ဆုံးအဆင့်-သုံး ကို မရောက်ရှိသေးပေ။

ဗိုင်းရပ်စ်မြစ်ဖျားခံရာတရုတ်တွင် မေလ၌ နေ့စဉ် ပျမ်းမျှ ကူးစက်သူ ၁၀ ဦးအောက်သာရှိ၍ နောက်ဆုံးအဆင့်စမ်းသပ်ရန် အခွင့်အလမ်းနည်းလျက်ရှိသည်။

“ကာကွယ်ဆေး ဈေးကွက်ထဲကိုရောက်နိုင်အောင်လို့ အဆင့် - သုံး စမ်းသပ်ဖို့အတွက် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ လက်ရှိအနေအထားအရဆိုရင် အနည်းဆုံး နောက်နှစ်အထိ ကာကွယ်ဆေးက ဈေးကွက်ထဲ ရောက်နိုင်မှာမဟုတ်ဘူး” ဟု China National Biotec Group (CNBG) မှ ဒု-ဥက္ကဋ္ဌ Zhang Yutao က ကြာသပတေးနေ့ကထုတ်လွှင့်ခဲ့သည့် China News Service သတင်းဌာနအင်တာဗျူးတွင် ပြောသည်။

ပြီးခဲ့သောသီတင်းပတ်က မြို့တော်ပေကျင်းတွင် ရောဂါပြန်လည်ဖြစ်ပွားမှုကြောင့် လူပေါင်း ၁၈၀ ကျော်ကို ကူးစက်ခဲ့သော်လည်း စံပြစမ်းသပ်မှုတစ်ခုပြုလုပ်ရန်အတွက် အရေအတွက်အလွန်နည်းပါးသည်။

CNBG သည် အစိုးရကျောထောက်နောက်ခံပြု တရုတ်အမျိုးသားဆေးဝါးအဖွဲ့ (Sinopharm) ၏ တွဲဖက်အဖွဲ့တစ်ခုဖြစ်သည်။ အဆိုပါကုမ္ပဏီမှစမ်းသပ်နေသော ကာကွယ်ဆေးနှစ်မျိုးအနက် တစ်မျိုးမှာ ကနဦးအဆင့်၌ လူသားများနှင့်စမ်းသပ်ကြည့်ရာ ရလဒ်များကောင်းမွန်ကြောင်းတွေ့ရှိခဲ့သည်။

တရုတ်သည် ပြည်ပရောက် နိုင်ငံပိုင်ကုမ္ပဏီများမှ ဝန်ထမ်းများအတွက် အဆိုပါကာကွယ်ဆေးနှစ်မျိုးကို ပေးအပ်ခဲ့ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က နိုင်ငံပိုင်မီဒီယာတစ်ခုတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly