ဒေါ်အောင်ဆန်းစုကြည် (၇၅) နှစ်ပြည့်မွေးနေ့အား ပုံစံအမျိုးမျိုးဖြင့် မွေးနေ့ဆုတောင်းပေးခဲ့ကြ

ဒေါ်အောင်ဆန်းစုကြည် (၇၅) နှစ်ပြည့်မွေးနေ့အား ပုံစံအမျိုးမျိုးဖြင့် မွေးနေ့ဆုတောင်းပေးခဲ့ကြ
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဇွန် ၁၉

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများမလုပ်ရန်  အစိုးရမှ တားမြစ်ထားခြင်းကြောင့် ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ (၇၅) နှစ်ပြည့်မွေးနေ့တွင် ပြည်သူများက ပုံစံအမျိုးမျိုးဖြင့်မွေးနေ့ဆုတောင်း ပေးခဲ့ကြသည်။

 မွေးနေ့တွင် လူပေါင်း ၇၅၀၀ ၏ဓာတ်ပုံများဖြင့် စုပေါင်းပြုလုပ်ထားသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူဆိုင်းဘုတ်ကြီးများအား လှည်းတန်း၊ တာမွေလမ်းဆုံနှင့် လာသာလမ်းများတွင် စိုက်ထူပြီး မွေးနေ့ဆုတောင်းထားကြ သည်ကိုလည်းတွေ့မြင်ရသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဒါ့အပြင် ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်းနှင့် မဟာဗန္ဒူလလမ်းရှိ တိုက်ခန်းများတွင်လည်း" ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ"ဟုရေးသားထားသော ဗီနိုင်းများအား  ချိတ်ဆွဲပြီး ဆုတောင်းမေတ္တာ ပို့သခဲ့ကြသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ၇၅ ယာဉ်လိုင်းကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အား ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် ယာဉ်အစီးရေ ၂၃ စီးနှင့် အခမဲ့ပြေးဆွဲပေးခဲ့ကြောင်း ၇၅ ယာဉ်လိုင်း၏ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးတင်လှိုင်က ပြောသည်။

၎င်းက “ဒီနေ့ပြေးဆွဲမှုကတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅) နှစ်ပြည့် မွေးနေ့ဖြစ်တဲ့အတွက်ကြောင့် ဒီတစ်ရက်တာပဲ ကျွန်တော်တို့ပြေးဆွဲမှာပါ။” ဟုပြောသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် ၁၉ ကူးစက်ခံရမှု အန္တရာယ်ကို ကာကွယ်ထိန်းချုပ်ဖို့အတွက် လူစုလူဝေးနှင့်ပွဲလမ်းသဘင်များမလုပ်ရန် အစိုးရမှ ပြီးခဲ့သည့် မတ်လကတည်းက ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အရင်ကလို လူစုလူဝေးနှင့် မွေးနေ့ဆုတောင်းပွဲ ကျင်းပခွင့်မရှိသည့်အတွက် ချစ်ခင်သူများက ယခုကဲ့သို့ ပုံစံအမျိုးမျိုးဖြင့် မွေးနေ့ဆုတောင်းပေးခဲ့ကြခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required