မြောက်ကိုရီးယားဘက်က ရန်စလာပါက တောင်ကိုရီးယားပြန်လည်တုံ့ပြန်မည်

By The Korea Times
17 June 2020
မြောက်ကိုရီးယားဘက်က ရန်စလာပါက တောင်ကိုရီးယားပြန်လည်တုံ့ပြန်မည်

ဇွန် ၁၇

မြောက်ကိုရီးယားဘက်က တမင်ရန်စသည့် စစ်ရေးဆိုင်ရာ လုပ်ဆောင်ချက်မှန်သမျှကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားတို့က ရုတ်တရက် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပြီးနောက်ပိုင်း ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ပြန်လည်မြင့်တက်လာနေခဲ့သည်။

အစောပိုင်းတစ်ရက်က မြောက်ကိုရီးယားတို့သည် နယ်စပ်မြို့ ကေဆောင်ရှိ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။

နယ်စပ်ကို ဖြတ်၍ ပြုံယမ်းဆန့်ကျင်သော ၀ါဒဖြန့် လက်ကမ်းစာစောင်များ ပို့လွှတ်နေသည့် တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများ၏ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်သောအားဖြင့် ဆက်ဆံရေးရုံးကို ဖြိုချပစ်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ ညီမ ကင်ယိုဂျုံက ယင်းမတိုင်မီ သုံးရက်ခန့်က သတိပေးပြောဆိုခဲ့သည်။

ဆက်ဆံရေးရုံး ဖြိုချဖျက်ဆီးခြင်းနှင့်အတူ မြောက်ကိုရီးယားအနေဖြင့် စစ်ရေးအရ အရေးယူလုပ်ဆောင်ခြင်း၊ ကိုရီးယားနှစ်နိုင်ငံ သဘောတူညီချက်များအောက်တွင် လက်နက်ဖြုတ်သိမ်းထားသော နယ်စပ်ဒေသများသို့ တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းခြင်း အပါအ၀င် တောင်ကိုရီးယားအပေါ် အခြားသော ခြိမ်းခြောက်မှုများ လုပ်လာနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။

“လက်ရှိ လုံခြုံရေး အခြေအနေအရ ကျွန်တော်တို့ စစ်တပ်က မြောက်ကိုရီးယား စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို အချိန်ပြည့် အနီးကပ် စောင့်ကြည့်နေပါတယ်၊ လက်ရှိအခြေအနေကို စစ်ရေး အကျပ်အတည်းတစ်ခုအဖြစ် အရှိန်မြင့်မသွားအောင် တားဆီးဖို့ အကောင်းဆုံး စီမံလုပ်ဆောင်နေပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“အကယ်၍ မြောက်ကိုရီးယားဘက်က တမင်ဆွတဲ့ စစ်ရေး လုပ်ဆောင်ချက်တွေ လုပ်လာမယ်ဆိုရင် ကျွန်တော်တို့ စစ်တပ်ကလည်း သူတို့ကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာပါ” ဟု ယင်းက ထုတ်ပြန်ခဲ့သည်။

နှစ်ဘက် သဘောတူညီချက်အောက်ရှိ စစ်မဲ့ဇုန်များသို့ တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းပြီး ရှေ့တန်းမျဉ်းကို ခံတပ်တစ်ခုအဖြစ် ပြောင်းလဲမည့် အစီအစဉ်တစ်ခုနှင့်ပတ်သက်၍ သုံးသပ်လေ့လာနေသည်ဆိုပြီး အစောပိုင်းတစ်ရပ်က မြောက်ကိုရီးယားစစ်တပ် စစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly