နယူးဇီလန်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်တွေ့ရှိပြီးနောက် စောင့်ကြည့်ရေးစင်တာများကို စစ်တပ်မှကြီးကြပ်

နယူးဇီလန်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်တွေ့ရှိပြီးနောက် စောင့်ကြည့်ရေးစင်တာများကို စစ်တပ်မှကြီးကြပ်

ဇွန် ၁၇

ကိုဗစ်-၁၉ ရောဂါကင်းစင်သွားခဲ့သည့် နယူးဇီလန်နိုင်ငံတွင် ဗြိတိန်ပြန်နှစ်ဦး၌ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိရပြီးနောက် ကန့်သတ်စောင့်ကြည့်ရေးစင်တာများနှင့် နယ်စပ်လိုအပ်ချက်များအတွက် ကာကွယ်ရေးတပ်ဖွဲ့မှ ကြီးကြပ်သွားမည်ဟုသိရသည်။

ဝန်ကြီးချုပ် Jacinda Arden က ကာကွယ်ရေးလက်ထောက်အကြီးအကဲဖြစ်သူ လေတပ်ဗိုလ်မှူးချုပ် Digby Webb ကို လက်ရှိ ကန့်သတ်စောင့်ကြည့်ထားသောလူများအပါအဝင် စောင့်ကြည့်ရေးစင်တာအားလုံးကို ကြီးကြပ်ရန်နှင့် သီးခြားအဆောက်အအုံများကို စီစဉ်သွားရန် တာဝန်ပေးအပ်ခဲ့သည်။ ကန့်သတ်စောင့်ကြည့်ရေးစင်တာများကို ကြီးကြပ်သွားရန်အတွက် Webb အနေဖြင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာများကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်စပ်စောင့်ကြည့်ရေးစင်တာများ ပိုမိုခိုင်မာစေရန် မည်သည့်ပြောင်းလဲမှုမျိုးကိုမဆို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အခြေအနေအားလုံး အစီအစဉ်တကျဖြစ်စေရန် စစ်ဆေးသွားမည်ဟု Arden ကပြောသည်။

“ရရှိပြီးသား အောင်မြင်မှုတွေကို စည်းကမ်းမလိုက်နာလို့ ဆုံးရှုံးသွားရတာမျိုး အဖြစ်မခံနိုင်ပါဘူး” ဟု Arden က ပါလီမန်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နယူးဇီလန်သည် ပြီးခဲ့သည့် သီတင်းပတ်က ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ တိုက်ဖျက်နိုင်သော ပထမဆုံးနိုင်ငံဖြစ်ခဲ့ပြီး နယ်စပ်ထိန်းချုပ်မှုများမှအပ လူမှုဆိုင်ရာနှင့်စီးပွားရေးကန့်သတ်မှုများအားလုံးကို ဖြေလျှော့ပေးခဲ့ကာ ကပ်ရောဂါမတိုင်မီက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

ဇွန်လ ၇ ရက်က ဗြိတိန်မှပြန်လာသော အမျိုးသမီးနှစ်ယောက်ကို မဖြစ်မနေ စောင့်ကြည့်ကန့်သတ်ခဲ့သည်။ ၎င်းတို့အနက်တစ်ယောက်တွင် ရောဂါအခံရှိနေပြီး ရောဂါလက္ခဏာများပြသနေခဲ့သော်လည်း အသည်းအသန်ဖြစ်နေသောမိဘကိုတွေ့ချင်သည်ဆိုသဖြင့် စောင့်ကြည့်ရေးစင်တာမှ အစောထွက်ရန်ခွင့်ပြုခဲ့သည်။

Arden က ရောဂါကူးစက်ခံနေရသောလူနာကို ထိုသို့ထွက်ခွါခွင့်မပြုသင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။

“ဒါဟာ လက်မခံနိုင်တဲ့ စနစ်ကျဆင်းမှုပါပဲ။ စောင့်ကြည့်ရေးစင်တာတွေမှာ စမ်းသပ်မှုတွေကို တစ်ခါမက နှစ်ခါလုပ်ဖို့ လိုအပ်ပါတယ်။ မလုပ်ခဲ့ကြပါဘူး။ ဒါမျိုးတွေ မဖြစ်သင့်ပါဘူး” ဟု Arden က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly