ရှုံးရင်လည်း ပြုံးပါ

ရှုံးရင်လည်း ပြုံးပါ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကား ခေတ်ပြောင်းခေတ်လွဲ ရွေးကောက်ပွဲ ဖြစ်သလို အင်မ တန်မှလည်း ပရိယာယ်မာယာများသည့် ကစားပွဲတစ်ခုဖြစ်သည်။ ရွေးကောက်ပွဲ ဒိုင်လူကြီးဖြစ်သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ လက်ရှိသမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏ သူငယ်ချင်း အရင်းဖြစ်လေရာ အဖြေမှာ ထွက်ပြီးဖြစ်သည်ဟုပင် မှတ်ယူနိုင်ပါသည်။

ရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ အတွင်း မြေပြင် အခြေအနေများကို လေ့လာကြည့်လျှင် အနီရောင် ပါတီနိုင်မည်မှာ သေချာသည်။ သို့သော် ရလဒ်ကို ထုတ်နိုင် သူက မဲဆန္ဒရှင်ပြည်သူများ မဟုတ်ပါ၊ အထက်တွင် ဆိုခဲ့သည့်အတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သာ ဖြစ်သည်။

ယခုအခါ မြေပြင်အခြေအနေများကို တွက်ချင့်၍ နိုဝင်ဘာ ၈ ဆုံးဖြတ်ချက်ချရမည့်နေ့၊ ရွေးကောက်ပွဲရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(အင်န်အယ်လ်ဒီပါတီ) က အပြတ်အသတ် အောင်ပွဲခံမည် ကို ကောင်းစွာ ခန့်မှန်း ပြောကြားနိုင်ပါသည်။ သို့အတွက် အာဏာရပါတီ ခေါင်းဆောင် များနှင့် ခေါင်းဆောင်တို့၏ တပည့်သားမြေး အဆွယ်အပွားတို့ စိတ်ထိခိုက် ငြိုငြင်ပြီး အမှားမှား အယွင်းယွင်း ဆုံးဖြတ်ချက်များဖြင့် တိုင်းနိုင်ငံ၏ တည်ငြိမ်မှုကို ထိခိုက်နိုင်မည်လားဟူသည့် တွက်ဆ ချက်ဖြင့် အနီရောင် ထောက်ခံသူများက ရွှေပြည်အေးတရားများ စတင် ဟောနေပြောနေသည်ကို ကြားလာရသည်။

“အင်န်အယ်လ်ဒီကား နိုင်မှာသေချာသည်၊ သို့သော် ပြည်ခိုင်ဖြိုးတို့ မငြိုငြင်စေနှင့်” ဟူသည့် သဘောမျိုး ကမ်ပိန်းအသွင် ကိုယ့်လူကိုယ်ထိန်းသည့် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲလာနေသည်မှာ ထူးဆန်း လှသလို အလွန်မှပင် နှစ်ထောင်း အားရဖွယ်ဖြစ်သည်။ အမှန်တော့ အင်န်အယ်လ်ဒီသည် နှစ်ပေါင်းများစွာ ချေမှုန်းခံရ၊ နှိပ်စက်ခံရ၊ အပုတ်ချခံရ၊ မျိုးဖြုတ်ခံရ စသည်ဖြင့် ခံခြင်းကြီးပေါင်းများစွာ ကို ခံခဲ့ရသူဖြစ်ပြီး၊ ယခုကဲ့သို့ အနိုင်ရချိန်တွင် ထိန်းထိန်းသိမ်းသိမ်းရှိကြရန် ပြောဆိုထိန်းသိမ်းနေသည် မှာ အံ့သြကုန်နိုင်ဖွယ် ဖြစ်ပေသည်။

အင်န်အယ်လ်ဒီအား သေဆုံးသွားစေရန် အချိန်ပြည့် အကြိမ်ကြိမ် ကြိုးစားသူများမှာလည်း အခြားမဟုတ်ပါ။ လက်ရှိအစိုးရ၊ လက်ရှိစစ်တပ်၊ လက်ရှိရွေးကောက်ပွဲ ကော်မရှင်နှင့် လက်ရှိအာဏာရ ပါတီခေါင်းဆောင်များနှင့် ယင်းခေါင်းဆောင်များ၏ ခေါင်းကိုင် ဖခင်များသာ ဖြစ်သည်။ အင်န်အယ် လ်ဒီသည် မြေပြင် အခြေအနေများအရ နိုင်ချေ အလွန်တရာ များပြားနေသော်လည်း သူ့ထောက်ခံသူ များအား အောင်ပွဲမခံဘဲ ခပ်မဆိတ်နေကြရန် ပါတီခေါင်းဆောင်နှင့် လူထုခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တဖွဖွ မှာကြားနေသည်ကို တွေ့ရသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် မြင်မကောင်းအောင် မမျှမတ ဖြစ်နေသည်ကို လွန်ခဲ့ သည့် လအတန်ကြာကတည်းက တွေ့ခဲ့ရပြီး ဖြစ်သည်။ စိတ်လှုပ်ရှားစွာဖြင့် ရွေးကောက်ပွဲ ကိုစောင့်ကြည့်နေ ကြသော နိုင်ငံတကာ မိသားစုအသိုင်းအဝိုင်း (အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာဆီယံ)သည်လည်း လွတ်လပ်ရန်၊ မျှတရန် စသည်တို့ကို များစွာ မပြောတော့ဘဲ ဖြစ်နိုင်သမျှ အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ကျင်းပပေးရန်နှင့် မည်သို့သော ရွေးကောက်ပွဲမျိုး ဖြစ်မည်ကို စောင့်ကြည့်လေ့လာခွင့် ပေးရန်လောက်ကိုသာ ပြောတော့သည်။

ပြောလည်း မပြောင်းမည့်သူများကို မောပြီး မကောင်းဘဲ ပြောရမည့် အလုပ်ကို လူနပ်လူပါး နိုင်ငံခြားသားများက များစွာ ပြောတော့မည် မဟုတ်ပါ။ သို့သော် မဲဆန္ဒရှင် ပြည်သူများမှာကားနှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင် အဆက်ဆက်အောက်တွင် ပိပြား ငြိမ်ဝပ် နေခဲ့ရသည်ဖြစ်ရာ ပြောင်း ချင်နေကြပြီ။ မည်သည်ကို ပြောင်းရမှန်း မသိသူ သမ္မတ ဦးသိန်းစိန်ထက် ကမ္ဘာ့အဆင့်အတန်း ရှိသော ခေါင်းဆောင်မျိုးဖြင့် တိုင်းပြည်ကို ဦးဆောင်ရန် လိုလားနေကြသည်။ ပြည်သူများ ကံကောင်းသည်က ကမ္ဘာ့အဆင့်အတန်းရှိသော ခေါင်းဆောင်က သူတို့ဝန်းကျင်မှာပင် ရှိနေသည်။

မဇ္ဈိမသည် နာမည်နှင့် ကိုက်ညီသော ကျင့်ဝတ်ညီ မီဒီယာဖြစ်ရာ အနီလည်း မဟုတ်၊ အစိမ်း လည်း မသုတ်ပါ။ ပြည်သူများအား လိုအပ်သည့် သတင်းစကားများပါးရင်း ပြည်သူများ ဆန္ဒကို ထပ်ဟပ် သည့် သတင်းစကားကို သက်ဆိုင်ရာ ခေါင်းဆောင်များဆီ အရောက်ပို့နေခြင်းသာ ဖြစ်သည်။ လွတ်လပ် မျှတလိမ့်မည်ဟု လုံးဝ မမှတ်ယူနိုင်သော ရွေးကောက်ပွဲမှသည် ဥုံဖွဆိုပြီး ဖွံ့ဖြိုးတိုးတက်သည့် တိုင်းနိုင်ငံကြီး ချက်ချင်း ဖြစ်သွားလိမ့်မည်ဟု မယုံကြည်ပါ။ သက်ဆိုင်ရာ ခေါင်းဆောင်များကို မဇ္ဈိမသည် တစ်ခုသာ တောင်းဆိုချင်သည်။ ရှုံးလျှင်လည်း ပြုံးပါ၊ ရှုံးမဲမဲခြင်း၊ ညစ်ခြင်းပတ်ခြင်းများ မလုပ်ပါနှင့်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly