ရှေ့ကာလတွင် မီဒီယာလုပ်ငန်းများ ဒစ်ဂျစ်တယ်ဘက် ပိုရွေ့သွားပြီး စီးပွားရေးဆုံးရှုံးမှုများ ပိုကြုံရနိုင်

ရှေ့ကာလတွင် မီဒီယာလုပ်ငန်းများ ဒစ်ဂျစ်တယ်ဘက် ပိုရွေ့သွားပြီး စီးပွားရေးဆုံးရှုံးမှုများ ပိုကြုံရနိုင်

ဇွန် ၁၆

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုက လူများ၏ သတင်းကြည့်ရှုမှုပိုင်းကို သိသိသာသာ မြင့်တက်စေခဲ့သော်ငြား စီးပွားရေး ၀ရုန်းသုန်းကားဖြစ်မှု အခြေအနေက သတင်းမီဒီယာလုပ်ငန်းများ ဒစ်ဂျစ်တယ်ဘက်သို့ ရွေ့သွားမှုကို အရှိန်မြှင့်တင်ရစေရန် တွန်းအားပေးလျက် ရှိကြောင်း ဂျာနယ်လစ်ဇင် လေ့လာမှုဆိုင်ရာ ရိုက်တာ အင်စတီကျု့က ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်း ချမှတ်မှုများကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် တယ်လီဗေးရှင်းနှင့် အွန်လိုင်းသတင်း ကြည့်ရှုမှုပိုင်းတွင် မြင့်တက်ထားခဲ့သလို တစ်ချိန်တည်းမှာပင် သတင်းမှားဖော်ပြခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကလည်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

Facebook နှင့် WhatsApp တို့ကို  “fake news” ဟု သိကြသော သတင်းမှား၊ သတင်းတု ဖြန့်ဝေမှုအတွက် အဓိက ချန်နယ်များအဖြစ် မြင်တွေ့ရသည်။

သတင်း ကြည့်ရှုမှုတို့၏ ကြားခံစနစ်တစ်ခုအဖြစ် စမတ်ဖုန်းများ၏ ခေတ် ရောက်လာခြင်းအပါအ၀င် နည်းပညာ ပြောင်းလဲထွန်းကားမှုကြောင့် ဖြစ်လာခဲ့သည့် လားရာဦးတည်ချက်များကို ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုက အရှိန်မြန်ဆန်စေလျက် ရှိသည်ကို မြင်ကွင်းကျယ်တစ်ခုအဖြစ် ရှုမြင်နိုင်ကြောင်း ရိုက်တာ အင်စတီကျု့က ယင်း၏ တစ်နှစ်တာ ဒစ်ဂျစ်တယ် နယူးစ် အစီရင်ခံစာတွင် ပြောထားသည်။

“တကယ့် ခေါင်းစဉ်တစ်ခုက ဘာလဲ ဆိုတော့ ကျွန်တော်တို့အနေနဲ့ ဒစ်ဂျစ်တယ် မီဒီယာ၊ မိုဘိုင်းမီဒီယာနဲ့ အခြား ပလက်ဖောင်းအမျိုးမျိုးဆီ အရှိန်မြန်မြန်နဲ့ သွားနေတဲ့ အရွေ့တစ်ခုကို မြင်ရတာပဲဖြစ်ပါတယ်” ဟု ရိုက်တာ အင်စတီကျူ့၏ ညွန်ကြားရေးမှူး ရက်စ်မက်စ် ကလိုင်စ် နယ်လ်ဆင်က ဖုန်းဖြင့် ပြောကြားသည်။

“ ဒီ အရွေ့နဲ့အတူ ယှဉ်တွဲပါလာတာကတော့ သတင်းတွေအပေါ်မှာ ယုံကြည်မှု ဆက်လက်ကျဆင်းနေတာနဲ့ သတင်းအမှားတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ကြီးထွားနေတာပဲဖြစ်ပါတယ်၊ အထူးသဖြင့် ဆိုရှယ်မီဒီယာတွေပေါ်မှာနဲ့ နိုင်ငံရေးသမားတချို့ဆီကနေ လာတဲ့ သတင်းအမှားတွေပေါ့” ဟု ၎င်းက ပြောသည်။

မီဒီယာသတင်းအမှားဖြန့်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုပိုင်း အကြီးမားဆုံး မြင့်တက်မှုက ဟောင်ကောင်တွင် ရှိနေခဲ့သည်။ ယင်းဒေသတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများက ဗြိတိန်ကိုလိုနီဟောင်းကို ပိုမို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရန် တရုတ်ဘက်က ကြိုးပမ်းမှုများကို ခုခံဆန့်ကျင်လျက် ရှိသည်။

သတင်းလုပ်ငန်းသည် အားရစရာ မကောင်းသည့် အခြေအနေတစ်ခုမှာပင် ဆက်ရှိနေသည်။ ကမ္ဘာတစ်၀န်း မီဒီယာလုပ်ငန်းများသည် ကြော်ငြာဝင်ငွေ သိသိသာသာ ကျဆင်းမှုနှင့်အလိုက်သင့် ကိုက်ညှိဖြေရှင်းနိုင်ရန် ၀န်ထမ်းများကို လျှော့ချနေရသည်။

သို့သော် အွန်လိုင်း သတင်းများအတွက် ငွေပေးကြည့်ရှုလိုသူအရေအတွက် များလာနေခြင်းက မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်ငြားလည်း လူအများအပြားသည် အရည်အသွေးမြင့် ဂျာနယ်လစ်ဇင်ကို ရယူရန် မတတ်နိုင်သည့် အခြေအနေမျိုးလည်း ရှိရာ ယင်းက သတင်းအချက်အလက်ဆိုင်ရာ သာတူညီမျှမှု မရှိမှုကို တိုးမြင့်ကောင်း တိုးသွားစေနိုင်သည်။

ထို့ပြင် “နိုင်သူ အကုန်စားကြေး” ဆိုသည့် အခင်းအကျင်းကိုလည်း မြင်တွေ့နိုင်သည်။ အမေရိကန်တွင် အွန်လိုင်း သို့မဟုတ် ပေါင်းစည်းထားသည့် ပက်ကေ့ခ်ျတစ်ခုခု subscribe (ပုံမှန်ကြေးပေးသွင်းမှာယူခြင်း) လုပ်သူများအနက် တစ်ဝက်ခန့်သည် နယူးယော့ခ်တိုင်းမ်စ် သို့မဟုတ် ၀ါရှင်တန်ပို့စ် ကို အသုံးပြုကြသည်ကို ရိုက်တာ အင်စတီကျူ့က တွေ့ရှိထားသည်။

ယူကေတွင်လည်း The Times သို့မဟုတ် Telegraph တို့နှင့်အတူ အလားတူ အနေအထားတစ်ခုကို တွေ့မြင်နိုင်သည်။

ဗီဒီယိုသတင်းများ၏ လွှမ်းမိုးမှုကို ခန့်မှန်းနေသူများအတွက် ရိုက်တာ အင်စတီကျု့က လေ့လာတွေ့ရှိခဲ့ရာတွင် ယူကေ၊ သြစတြေးလျ၊ ပြင်သစ် နှင့် တောင်ကိုရီးယားအပါအ၀င် နိုင်ငံတချို့တွင် အသက် ၃၅ နှစ်အောက် လူများသည် အွန်လိုင်းသတင်း ကြည့်ရှုခြင်းထက် ဖတ်ရှုရခြင်းကို ပိုနှစ်သက်သည်ဟု သိရသည်။

ဂျာနယ်လစ်ဇင် လေ့လာမှုဆိုင်ရာ ရိုက်တာ အင်စတီကျု့သည် မီဒီယာ လားရာ ဦးတည်ချက်များကို လေ့လာစောင့်ကြည့်နေသည့် အောက်စ်ဖို့ဒ်တက္ကသိုလ်ရှိ သုတေသနစင်တာတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly