အမေရိကန်လေယာဉ်တင်သင်္ဘောသုံးစီး ပစိဖိတ်သမုဒ္ဒရာ၌ ကင်းလှည့်နေမှု တရုတ်မကျေနပ်

အမေရိကန်လေယာဉ်တင်သင်္ဘောသုံးစီး ပစိဖိတ်သမုဒ္ဒရာ၌ ကင်းလှည့်နေမှု တရုတ်မကျေနပ်

ဇွန် ၁၆

တန်ချိန် တစ်သိန်းခန့်စီရှိသည့် အမေရိကန် လေယာဉ်တင်သင်္ဘောကြီး သုံးစီးကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပစိဖိတ်သမုဒ္ဒရာတွင် တပ်ဖြန့်ချထားမှုသည် တရုတ်နိုင်ငံဘက်မှ မြန်ဆန်သောတုံ့ပြန်မှုကိုဖြစ်ပေါ်စေခဲ့ပြီး ပေကျင်းသည် ၎င်း၏အကျိုးစီးပွားကိုကာကွယ်ရန် နောက်ဆုတ်လိမ့်မည်မဟုတ်ဟု အစိုးရပိုင်မီဒီယာက ဖော်ပြခဲ့သည်။

နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောများဖြစ်ကြသည့် USS Ronald Reagan နှင့် USS Theodore Roosevelt နှစ်စီးသည် ပစိဖိတ်အနောက်ပိုင်းတွင် ကင်းလှည့်နေကြပြီး USS Nimitz သင်္ဘောသည် အရှေ့ပိုင်းတွင် ကင်းလှည့်နေသည်ဟု အမေရိကန်ရေတပ်သတင်းစာက ဖော်ပြထားသည်။  သင်္ဘောတစ်စီးစီတွင် လေယာဉ် ၆၀ ထက်မနည်းတင်ဆောင်ထားပြီး ပြုံယမ်းနျူကလီးယားလက်နက်အစီအစဉ်နှင့်စပ်လျဉ်း၍ မြောက်ကိုရီးယားနှင့် အခြေအနေတင်းမာနေသည့် ၂၀၁၇ ခုနှစ်ကတည်းက ပစိဖိတ်တွင် အကြီးမားဆုံးအမေရိကန်လေယာဉ်တင်ရေတပ်သင်္ဘောများ တပ်ဖြန့်ချထားမှုပင်ဖြစ်သည်။ ထိုရေတပ်သင်္ဘောများတည်ရှိနေမှုကို သောကြာနေ့က AP သတင်းတွင် ပထမဆုံး မီးမောင်းထိုးဖော်ပြခဲ့သည်။

“လေယာဉ်တင်သင်္ဘောနဲ့တိုက်လေယာဉ်အုပ်စုတွေအကြောင်း ပုံကြီးချဲ့ရေးသားထားတာဟာ အမေရိကန်ရေတပ်စွမ်းအားရဲ့ ထူးခြားတဲ့ သင်္ကေတပါ။ ခုအချိန်မှာ သုံးစီးကင်းလှည့်ထားတာမို့ တော်တော်လေး အားရကျေနပ်မိပါတယ်” လို့ ဟာဝိုင်အီရှိ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် စစ်ဆင်ရေးဒါရိုက်တာ ရေတပ်ဗိုလ်ချုပ် Stephen Koehler က AFP ကိုပြောသည်။

တနင်္ဂနွေနေ့က Global Times သတင်းစာ၏ ကွန်မြူနစ်ပါတီက အဆိုပါကင်းလှည့်သင်္ဘောများသည် အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်ရှိ တပ်ဖွဲ့များကို ခြိမ်းခြောက်နိုင်သည်ဟု ဖော်ပြထားသည်။ “အမေရိကန်က လေယာဉ်တင်သင်္ဘောတွေစုပေါင်းကင်းလှည့်ပြီးတော့ သူတို့က အင်အားအကြီးဆုံးရေတပ်ဆိုတာကို ဒေသတစ်ခုလုံးနဲ့ ကမ္ဘာကိုတောင်ပြသဖို့ ကြိုးစားနေတာပါ။ သူတို့က တောင်တရုတ်ပင်လယ်ထဲကိုဝင်နိုင်ပြီး Xisha နဲ့ Nansha ကျွန်းတွေပေါ်မှာရှိတဲ့ တရုတ်တပ်တွေနဲ့ အနီးအနားက ဖြတ်သန်းဖြတ်လာရေယာဉ်တွေကိုလည်း ခြိမ်းခြောက်နိုင်ပါတယ်။ ဒါကြောင့်အမေရိကန်အနေနဲ့ ဗိုလ်ကျစိုးမိုးတဲ့နိုင်ငံရေးကို လုပ်ဆောင်နိုင်ပါတယ်” ဟု ပေကျင်းအခြေစိုက်ရေတပ်ကျွမ်းကျင်သူ Li Jie  ကပြောသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်၏တရားဝင်ဝက်ဘ်ဆိုက်တွင် ပေကျင်းသည် တန်ပြန်လုပ်ဆောင်မှုအနေဖြင့် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နိုင်ကြောင်းနှင့် တရုတ်စစ်တပ်အတွက် ရနိုင်သမျှလက်နက်များကို မီးမောင်းထိုးပြနိုင်ကြောင်း ရေးသားထားသည်။ တရုတ်သည် DF-21D နှင့် DF-26 ခေါ် သင်္ဘောဖျက်တိုက်ချင်းပစ်ဒုံးကျည်ကဲ့သို့သော လက်နက်များကို ပိုင်ဆိုင်ထားသည်ဟုလည်း ရေးသားထားသည်။

တရုတ်၏တန်ပြန်ပြောဆိုချက်

အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘော ခုနစ်စီးအနက် သုံးစီးမှာ ပစိဖိတ်သမုဒ္ဒရာတွင်ရှိနေပြီး ကျန်လေးစီးမှာ ပြုပြင်မွမ်းမံရန်အတွက် ဆိပ်ကမ်းတွင် ရှိနေသည်။

စင်္ကာပူကာကွယ်ရေးနှင့် မဟာဗျူဟာလေ့လာရေးမှ သုတေသီ Collin Koh က “ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်ရေတပ်ဟာ ချုံးချုံးကျနေပြီလို့ တရုတ်ရဲ့ပြောဆိုခဲ့မှုနဲ့ လေယာဉ်တင်သင်္ဘောတွေတပ်ဖြန့်ထားမှုအခြေအနေတွေဟာ သဘောထားကွဲလွဲမှုတွေဖြစ်နေခဲ့လို့တရုတ်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်ဟာ ပစိဖိတ်ဒေသမှာဖိအားတွေနဲ့ဖြစ်နေတာကို တရုတ်အနေနဲ့ အကြံပြုပြောဆိုဆွေးနွေးချင်တယ် ဆိုတဲ့အချက်နဲ့လည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်” ဟု ပြောသည်။

မတ်လတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြုံပြီးနောက် Roosevelt သည် Guam ရှိ ဆိပ်ကမ်းတွင် လပေါင်းများစွာ ဆိုက်ကပ်ထားပြီးနောက် ဇွန် ၄ တွင် ပင်လယ်ပြင်သို့ ထပ်မံပေါ်လာခြင်းဖြစ်သည်။ ထိုစဉ်က သင်္ဘောပေါ်ရှိ ဝန်ထမ်း ၄၉၀၀ နီးပါးအနက် ၁၀၀၀ ထက်မနည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။

Reagan လေယာဉ်တင်သင်္ဘောသည်လည်း ဝန်ထမ်းများကို ရောဂါမကူးစက်စေရန် ဂျပန်ရှိ၎င်းပိုင်ဆိပ်ကမ်းတွင် အသွားအလာအကန့်အသတ်ဖြင့် ထားရှိခဲ့ပြီး မေလနှောင်းပိုင်းတွင် ပင်လယ်ပြင်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ရှေ့ပြေးရေငုပ်သင်္ဘောများသည် ပစိဖိတ်အနောက်ပိုင်းတွင် စစ်ဆင်ရေးများလုပ်ဆောင်နေကြောင်း အမေရိကန်ပစိဖိတ်ရေယာဉ်စုက ပြီးခဲ့သည့်လက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ လှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ အရေအတွက်ကို ထုတ်ဖော်မပြောသော်လည်း ခြေရာခံရခက်ပြီးမြန်ဆန်သော တိုက်ခိုက်ရေးရေယာဉ် ရှစ်စီးမက ပါဝင်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုကြသည်။

အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်၏ ပူးတွဲထောက်လှမ်းရေးဌာနမှ စစ်ဆင်ရေးဆိုင်ရာဒါရိုက်တာဟောင်း Carl Schuster က “ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ လေယာဉ်တင်သင်္ဘောသုံးစီးနဲ့အတူ ပါလာတဲ့ ဖျက်သင်္ဘောတွေ၊ ခရူဇာစစ်သင်္ဘောတွေကို အခုအချိန် တာဝန်ယူစောင့်ကြည့်ရမယ့်အချိန်မှာ တရုတ်ရေတပ်အနေနဲ့ ရေငုပ်သင်္ဘောတွေ ဘယ်မှာရှိနေလဲဆိုတာ မသိဖြစ်နေပြီး တုံ့ပြန်တွက်ချက်မှုနဲ့ အစီအစဉ်တွေလုပ်ဖို့ ခက်ခဲစေခဲ့တယ်" ဟု ပြောသည်။

အမေရိကန်-တရုတ်တင်းမာမှုများ

တောင်တရုတ်ပင်လယ်နှင့်ထိုင်ဝမ်ကိစ္စအပေါ် ဝါရှင်တန်နှင့်ပေကျင်းအကြားတင်းမာမှုများ မြင့်တက်လာသည့်တစ်ချိန်တည်းမှာပင် တပ်ဖြန့်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဘိုးအင်း ၇၃၇ နှင့်ညီမျှသော အမေရိကန်ရေတပ်၏ C-40 ပို့ဆောင်ရေးလေယာဉ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ထိုင်ဝမ်ကိုဖြတ်၍ ထိုင်းနိုင်ငံသို့ ပျံသန်းခဲ့ပြီး ပုံမှန် ထောက်ပံ့ပို့ဆောင်ရေးလေယာဉ်ဖြစ်ကြောင်း ရေတပ်က ဆိုသည်။ တရုတ်၏ပိုင်နက်တစ်စိတ်တစ်ဒေသဖြစ်သော ထိုင်ဝမ်ပေါ်၌ အမေရိကန်လေယာဉ်ဖြတ်သန်းပို့ဆောင်နေကြောင်း အမေရိကန်ရေတပ်ပြောရေးဆိုခွင့်ရှိသူ Reann Mommsen က CNN ကို ပြောသည်။

သို့သော် ပေကျင်းက ထိုသို့လေယာဉ်ဖြတ်သန်းမှုသည် တရားမဝင် လုပ်ရပ်ဖြစ်ကြောင်းနှင့် စိတ်ဆိုးဒေါသထွက်ခဲ့ကြောင်း အစိုးရပိုင် ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။

‘လေယာဉ်ပျံသန်းမှုဟာ တရုတ်ရဲ့အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအကျိုးစီးပွားတွေကို အနှောင့်အယှက်ဖြစ်စေပြီး အပြည်ပြည်ဆိုင်ရာဆက်ဆံရေးကို လမ်းညွှန်ပြသတဲ့ အခြေခံစံချိန်စံညွှန်းတွေနဲ့ နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်ရာရောက်တယ်” ဟု ထိုင်ဝမ်ရေးရာကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ Zhu Fenglian က ပြောသည်။

ဇွန်လ ၄ ရက်တွင် အမေရိကန်ရေတပ်သည် တရုတ်ပြည်မကြီးနှင့် ကျွန်းကို ပိုင်းခြားထားသော ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ကာ ပဲ့ဒိန်းဒုံးကျည်တပ်ဖျက်သင်္ဘောများကို စေလွှတ်ခဲ့သည်။ ပေကျင်းက ၎င်း၏ပိုင်နက်အဖြစ်ပြောဆိုလေ့ရှိသည့် ရေပိုက်နက် ၁.၃ စတုရန်းမိုင်ရှိသည့် တောင်တရုတ်ပင်လယ်တွင် အမေရိကန်စစ်သင်္ဘောများသည် ယခုနှစ်၌ စစ်ဆင်ရေးများစွာကို လွတ်လပ်စွာ ဆောင်ရွက်ခဲ့ကြသည်။ US B-1 ဗုံးကြဲလေယာဉ်များနှင့် စူးစမ်းထောက်လှမ်းရေးလေယာဉ်များလည်း လှုပ်ရှားနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly