တရုတ်၏ ဩဇာကို တန်ပြန်ရန် ကုလသမဂ္ဂ၌ ထိပ်တန်းနေရာ ရရေး ဂျပန်နိုင်ငံ ရည်သန်

တရုတ်၏ ဩဇာကို တန်ပြန်ရန် ကုလသမဂ္ဂ၌ ထိပ်တန်းနေရာ ရရေး ဂျပန်နိုင်ငံ ရည်သန်

ဇွန် ၁၆

ကြီးထွားလာသော တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေးအတွက် ဂျပန်အစိုးရနှင့် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP တို့က ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများတွင် အထူးနေရာ ရရှိရေး အစီအစဉ်များကို မဏ္ဍိုင်ပြုသွားမည်ဖြစ်သည်။

စီးပွားရေးနှင့် လုံခြုံရေးကဲ့သို့သော နယ်ပယ်များတွင် မဟာဗျူဟာ အရေးပါသော နိုင်ငံတကာ ရာထူးနေရာများ လက်ဝယ်ပိုက်နိုင်ရန် ရည်ရွယ်ကာ ယင်း နေရာများတွင် ကက်ဘိနက်ဝန်ကြီးအဖြစ် အတွေ့အကြုံရှိသော ဂျပန်တာဝန်ရှိသူများကို စေလွှတ်ခန့်အပ်နိုင်ရေး ရည်သန်ထားခြင်း ဖြစ်သည်။

ပါတီမှ ဩဇာကြီးသော အကီရာအမာရီ ဦးဆောင်သည့် LDP လွှတ်တော်အမတ်အဖွဲ့တစ်ရပ်သည် ဝန်ကြီးချုပ်အား တိုက်ရိုက်ပန်ကြားရသည့် အစိုးရအတွင်းဝန်များရုံးမှ လူစာရင်းရွေးချယ်မည့် လုပ်ငန်းစဉ်အား ဖော်ဆောင်ရေး အဆိုပြုချက်တစ်ရပ်ကို ကြာသပတေးနေ့တွင် ဆွေးနွေးကြမည် ဖြစ်သည်။ ထိုသို့ နိုင်ငံတကာအဖွဲ့အစည်းများတွင် ခန့်ထားမည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရေးကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြား အစိုးရဌာနများက တာဝန်ခံထားသည်။

“ဂျပန်နိုင်ငံဟာ နိုင်ငံတကာအဖွဲ့အစည်းတွေဆီ လူတွေ စေလွှတ်ရတာကို စိတ်ဝင်စားတာ မဟုတ်ဘူး။ နိုင်ငံတကာ အဆင့်တွေမှာ ကိုယ်ပိုင်အဆင့်နဲ့ ပါဝင်ရပ်တည်နိုင်တာကို ဖော်ဆောင်တာဟာ အလွန်ကို ထိရောက်တဲ့ စီးပွားရေးမဟာဗျူဟာတစ်ရပ်ပဲ ဖြစ်တယ်။”ဟု အမာရီက ပြောသည်။

နိုင်ငံတကာအဖွဲ့အစည်းများသည် ကုန်သွယ်ရေးမှသည် ဆက်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ စည်းမျဉ်းများအထိ အစစ အရာရာအတွက် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရာတွင် ဩဇာရှိထားကြသည်။ ထိုသို့သော အဖွဲ့အစည်းများတွင် အဆင့်မြင့်နေရာ ရယူထားခြင်းသည် အနာဂတ် စီးပွားရေးလုံခြုံမှု၌ ပို၍ အရေးပါလာလိမ့်မည်ဟု ဂျပန်နိုင်ငံက ယုံကြည်လက်ခံထားသည်။

ကမ္ဘာ့အဆင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၀၀ နီးပါးရှိပြီး ယင်း အဖွဲ့အစည်းများမှ အများစုသော အဓိက ရာထူးအဆင့်နေရာများကို ငါးနှစ်သက်တမ်းဖြင့် အလှည့်ကျ တာဝန်ယူရသည်က များသည်။ ကုလသမဂ္ဂအေဂျင်စီများကဲ့သို့ အဓိက အရေးပါသော အဖွဲ့အစည်းများမှ ထိပ်တန်းအဆင့် နေရာများကို အဖွဲ့ဝင်နိုင်ငံများက မဲပေးကာ ဆုံးဖြတ်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly