ရုရှား၏ ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်မှုက အမေရိကန်ထက် ပိုမိုသာလွန်ဟု ပူတင် ပြော

ရုရှား၏ ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်မှုက အမေရိကန်ထက် ပိုမိုသာလွန်ဟု ပူတင် ပြော

ဇွန် ၁၅

ရုရှားနိုင်ငံသည် ယခုအခါ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကျပ်းထဲကျပ်ထဲကနေ ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ဇွန်လ ၁၄ ရက်တွင် ပြောဆိုလိုက်သည်။

ထို့ပြင် ၎င်းတို့ ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်ဆောင်ရွက်မှုက အမေရိကန်၏ ကိုင်တွယ်ဆောင်ရွက်မှုထက် ပိုမိုသာလွန်ကောင်းမွန်ခဲ့သည်ဟုလည်း ပူတင်က အမွှမ်းတင်ပြောကြားသွားခဲ့သည်။

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၅၂၈,၉၆၄ ဦးဖြင့် ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်နှင့် ဘရာဇီးပြီးလျှင် တတိယမြောက် ကူးစက်မှုအများဆုံး နိုင်ငံလည်းဖြစ်သည်။

ထို့ပြင် ယင်းနိုင်ငံက တရားဝင်ထုတ်ပြန်ထားသည့် သေဆုံးမှုဦးရေသည်လည်း ၆,၉၄၈ ဦးသာ ရှိရာ ယင်းနှုန်းထားက အခြားနိုင်ငံအများအပြားရှိ သေဆုံးနှုန်းနှင့် ယှဉ်ပါက များစွာ လျော့နည်းနေသည်။

ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အများဆုံးနိုင်ငံဖြစ်သော အမေရိကန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ၁၁၅,၀၀၀ ကျော်အထိ ရှိနေသည်။

အလားတူ ရုရှား၏ ကိန်းဂဏန်းများ၏ မှန်ကန်မှုနှင့်ပတ်သက်၍ တစ်ခါတရံ အခြေအတင် ငြင်းခုံဆွေးနွေးမှုများလည်း ဖြစ်ပေါ်ထားခဲ့သည်။

“ကျွန်တော်တို့ကတော့ အတော်လေး ချောချောမွေ့မွေ့ လုပ်ကိုင်နေပါတယ်၊ နောက်ပြီး ယုံကြည်ချက် ရှိရှိနဲ့ ဒီ အခြေအနေဆိုး ကျဉ်းထဲကျပ်ထဲကနေ ထွက်လာနေပါတယ်၊ ဒါပေမယ့် အမေရိကန်မှာတော့ ဒီလို မဖြစ်သေးပါဘူး” ဟု ပူတင်က ပြောသွားသည်။

ထို့ပြင် ရုရှား၏ နိုင်ငံရေးစနစ်သည် အမေရိကန်၏ စနစ်နှင့်ယှဉ်ပါက အကျပ်အတည်းကို ပိုမို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်ဟု ပူတင်က ပြောသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်ရှိ အာဏာပိုင်များနှင့်မတူဘဲ ရုရှားနိုင်ငံရှိ ဖက်ဒရယ် နှင့် ဒေသလယ်ဗယ် အာဏာပိုင်များသည် သဘောကွဲလွဲမှုမရှိဘဲ အဖွဲ့အစည်းတစ်ခုအနေဖြင့် ညီညီညွတ်ညွတ် လုပ်ဆောင်ကြ၍ ဖြစ်သည်ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly