ဗြိတိန် ဆန္ဒပြပွဲများအတွင်း ဒဏ်ရာရ လူဖြူဆန္ဒပြသမားကို လူမည်းဆန္ဒပြသမားက ကယ်ထုတ်

ဗြိတိန် ဆန္ဒပြပွဲများအတွင်း ဒဏ်ရာရ လူဖြူဆန္ဒပြသမားကို လူမည်းဆန္ဒပြသမားက ကယ်ထုတ်

ဇွန် ၁၄

ဗြိတိန်တွင် ယမန်နေ့ ဇွန်လ ၁၃ ရက်က ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြပွဲ ပဋိပက္ခတိုက်ပွဲများအတွင်း အပြင်းအထန် ရိုက်နှက်ခံရပြီး ဒဏ်ရာရသွားသည့် လူဖြူဆန္ဒပြသူတစ်ဦးကို လူမည်းအမျိုးသားတစ်ဦးက ပခုံးပေါ်ထမ်းတင်ပြီး ဘေးကင်းလုံခြုံသည့် နေရာကို သယ်ထုတ်ကယ်တင်ပေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ဒဏ်ရာရထားသည့် လူဖြူဆန္ဒပြသူသည် လက်ယာစွန်း ဆန္ဒပြသမားတစ်ဦးဖြစ်သည်ဟု သိရပြီး ၎င်းကို ကယ်တင်ခဲ့သူသည် Black Lives Matter အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

လက်ယာစွန်း စုဝေးပွဲတစ်ခုနောက်ပိုင်း ဝက်မင်စတာ မှ ထွက်လာသော လူရမ်းကားများနှင့် Black Lives Matter တက်ကြွလှုပ်ရှားသူများအကြား အကြမ်းဖက် ထိပ်တိုက်တွေ့တိုက်ခိုက်မှုများအတွင်း အဆိုပါ မြင်ကွင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

ထိုကဲ့သို့ လူဖြူဆန္ဒပြသူတစ်ဦးကို လူမည်းတစ်ဦးက ထမ်းထုတ်ကယ်တင်ပေးခဲ့သည့် မြင်ကွင်းသည် လန်ဒန်ရှိ တစ်နေ့တာ အကြမ်းဖက်ဆန္ဒပြမှု ဖြစ်စဉ်များကနေ ပေါ်ထွက်လာခဲ့သည့် သိသာအထင်ရှားဆုံး မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။

အကြမ်းဖက်မှုနောက်ပိုင်း လူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အလားတူ လူမျိုးခွဲခြားသည့် ရမ်းကားမှုများအတွက် မိမိတို့နိုင်ငံရှိ လမ်းများပေါ်တွင် နေရာမရှိဟု ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြစ်တင်ခဲ့သည်။

ဓာတ်ပုံများထဲတွင် လူဖြူအမျိုးသားတစ်ဦးက ၎င်း၏ ခေါင်းကို ကိုင်ထားစဉ် လူမည်းအမျိုးသားတစ်ဦးက ၎င်းအား ပခုံးပေါ်တင်ထမ်းထားပြီး ၎င်းတို့ကို အဓိကရုဏ်းနှိမ်နင်းရေးရဲများက လိုက်ပါစောင့်ကြပ်ပေးနေသည်ကို တွေ့ခဲ့ရသည်။

ယင်းသည် ဝါတာလူးဘူတာရုံ အနီး တိုက်ပွဲများအတွင်း မလိုမုန်းထားစိတ်များကို ခေတ္တဘေးချိတ်ထားစဉ် တွေ့မြင်ရသည့် မြင်ကွင်းတစ်ခုလည်း ဖြစ်သည်။

လူဖြူအမျိုးသားသည် တော်ဝင်ပွဲတော်ခန်းမ သို့ ဦးတည်သော လှေကားထစ်များတွင် တက်ရောက်ခဲ့စဉ် အပြင်းအထန် ရိုက်နှက်ခံရခြင်းဖြစ်ပြီး ယင်းနောက် အခြား ဆန္ဒပြသူများက ကြားဝင်ကာ ၎င်းကို ကာကွယ်ပေးခဲ့ကြောင်း ရိုက်တာဂျာနယ်လစ်များက ပြောသည်။

အစောပိုင်းက Britain First ကဲ့သို့သော အဖွဲ့များ စီစဉ်သည့် လက်ယာစွန်း စုဝေးပွဲတစ်ခုအတွင်း ပါလီမန်အနီး ရဲများကို လူရမ်းကားများက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ Britain First အဖွဲ့၏ အဆိုအရ ၎င်းတို့သည် ဝင်စတန်ချာချီ နှင့် အခြား အထိမ်းအမှတ်ရုပ်တုများ ဖျက်ဆီးခံရမည့်ဘေးကနေ ကာကွယ်ရန် ဆန္ဒရှိခဲ့သည်ဟု ဆိုသည်။

၂၀၁၇ ခုနှစ်က ဝက်မင်စတာ တိုက်ခိုက်မှုတွင် အစ္စလမ္မစ် အကြမ်းဖက်သမားတစ်ဦး၏ လက်ချက်ကြောင့် သေဆုံးခဲ့သည့် ရဲတစ်ဦးဖြစ်သည့် ပီစီ ကိတ်သ် ပယ်လ်မာအတွက် အထိမ်းအမှတ်နေရာတစ်ခုအနီး အမျိုးသားတစ်ဦး ကျင်ငယ်စွန့်နေသည့် ဓာတ်ပုံတစ်ပုံကြောင့် အမျက်ဒေါသများကို ဖြစ်စေခဲ့ပြီး ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

မီးခိုးဗုံးများ၊ ဘူးပုလင်းများနှင့် အခြား အရာဝတ္ထုများဖြင့် ရဲများကို ပစ်ပေါက်ခဲ့သည်။ ထို့ပြင် ရဲများသည် ကန်ကျောက်ထိုးကြိတ်ခံရသေးသည်ဟု သိရသည်။ အွန်လိုင်းပေါ် ရောက်လာသည့် ဗီဒီယိုတစ်ခုထဲတွင် အကာအရံတစ်ခု၌ ထိပ်တိုက်တွေ့စဉ် လူဖြူများသည် နာဇီ အလေးပြုမှု ပုံစံကို လုပ်ခဲ့သေးသည်ဟု သိရသည်။

ယင်းနောက် လူရမ်းကားများသည် ထရာဖယ်လ်ဂါ ရင်ပြင် သို့ ဆက်သွားခဲ့ရာ ယင်းနေရာတွင် Black Lives Matter ထောက်ခံသူများနှင့် အချင်းများခဲ့ကြသည့်အတွက် အဓိကရုဏ်းရဲများက အုပ်စုနှစ်ခုကို လူစုခွဲခဲ့ရသည်။

ထို့ပြင် ရထားဖြင့် အိမ်ပြန်ရန် လုပ်ခဲ့ကြသည့် လက်ယာစွန်း ဆန္ဒပြသူများကို Black Lives Matter ထောက်ခံသူများက တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောခဲ့ပြီးနောက် ဝါတာလူးဘူတာရုံ အနီးလမ်းများပေါ်တွင် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

အမျိုးသား အများအပြား သွေးထွက်သံယို ဒဏ်ရာများ ရခဲ့ပြီး ဆေးကုသမှုခံယူရန် လိုအပ်ခဲ့သည်။

ထို့ပြင် ဇွန်လ ၁၃ ရက် တိုက်ခိုက်မှုများအတွင်း လူ ၂၀ ခန့် ဒဏ်ရာများ ရခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly