COVID-19 ကြောင့် ပထမဆုံး သေဆုံးသည့် နိုင်ငံခေါင်းဆောင်အဖြစ် ဘူရွန်ဒီ သမ္မတ ကွယ်လွန်

COVID-19 ကြောင့် ပထမဆုံး သေဆုံးသည့် နိုင်ငံခေါင်းဆောင်အဖြစ် ဘူရွန်ဒီ သမ္မတ ကွယ်လွန်

ဇွန် ၁၄

ဘူရွန်ဒီနိုင်ငံ၏ သမ္မတသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ၎င်းအား ပို့ဆောင်ခဲ့သည့် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအရ သိရသည်။

နိုင်ငံ၏ အစိုးရကမူ သမ္မတ ပီယားကွန်ကရွန်းဇီးဇာသည် နှလုံးရောဂါကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု ကြေညာထားခြင်း ဖြစ်သည်။

သမ္မတ ကွန်ကရွန်းဇီးဇာ ကွယ်လွန်ခဲ့ရာ ကာရူစီဆေးရုံမှ ကျန်းမာရေးသတင်းရင်းမြစ်တစ်ရပ်က သမ္မတသည် မသေဆုံးမီ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာကို ခံစားခဲ့ရကြောင်း အတည်ပြုသည်။

ဘူဂျမ်ဘာရာရှိ ကာမန်ဂျီတက္ကသိုလ် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများကလည်း ပြည်သူ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ၎င်းတို့ ဆေးရုံရှိ တစ်ခုတည်းသော အသက်ရှူစက်ကိရိယာကို တနင်္လာနေ့ နံနက် ဆယ်နာရီက သမ္မတ နာမည်ဖြင့် တောင်းယူခဲ့သည်ဟု ဆိုသည်။

ကာရူစီ ဆေးရုံသို့ သမ္မတအား ပို့ဆောင်ခဲ့သော်လည်း အလွန်နောက်ကျပြီး သမ္မတက သေဆုံးနေပြီးဖြစ်သည်ဟု ယင်း ဆေးရုံသတင်းရင်းမြစ်က ဆိုသည်။

မေလအကုန်က သမ္မတ၏ ဇနီးဖြစ်သူသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်၍ ဆေးရုံတက်ခဲ့ရခြင်းကြောင့် သမ္မတတွင် COVID-19 ကူးစက်ဖြစ်ပွားနေမည်ဟု သံသယများ မြင့်တက်နေခဲ့သည်။ အေအက်ဖ်ပီက မြင်တွေ့ခွင့်ရခဲ့သည့် ဆေးမှတ်တမ်းတစ်ရပ်အရ သမ္မတကတော်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ခံစားခဲ့ရသည်ဟု သိရသည်။

သမ္မတ ကွန်ကရွန်းဇီးဇာ မမျှော်လင့်ဘဲ သေဆုံးခြင်းကို ဇွန် ၉ ရက်တွင် နိုင်ငံတော်က ထုတ်ပြန်ခဲ့ကာ တစ်နိုင်ငံလုံး ဝမ်းနည်းဖွယ် သီတင်းတစ်ပတ်တာကို ကြေညာခဲ့သည်။

အစိုးရအနေဖြင့် သမ္မတအား ဈာပနချမည့် နေ့ရက်ကို ကြေညာခြင်း မရှိသေးသော်လည်း ခုနစ်ရက်တာ ဝမ်းနည်းပူဆွေးဖွယ်အဖြစ် ကြေညာထားပြီး ဘားဆိုင်များ၊ နိုက်ကလပ်များနှင့် ကာရာအိုကေခန်းများကို ပိတ်ပင်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။

သမ္မတ ကွန်ကရွန်းဇီးဇာအနေဖြင့် ဖိစီးနှိပ်စက်မှုများ၊ လူ့အခွင့်အရေး အလွဲသုံးစားမှုများ စွဲချက်များဖြင့် အငြင်းပွားဖွယ် ၁၅ နှစ်တာ အုပ်ချုပ်ရေးသက်တမ်းအပြီး ဩဂုတ်လအတွင်း ရာထူးမှ ဆင်းပေးရန် ရှိနေခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ ကျန်းမာရေး သတင်းရင်းမြစ်များ၏ အတည်ပြုချက်အရဆိုလျှင် သမ္မတ ကွန်ကရွန်းဇီးဇာသည် ကမ္ဘာပေါ်တွင် COVID-19 ကြောင့် သေဆုံးသော ပထမဆုံး နိုင်ငံခေါင်းဆောင် ဖြစ်လိမ့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly