ရှန်းဂန်ဇုန်ပြင်ပ နိုင်ငံနယ်နိမိတ်များကို ပြင်သစ်ပြန်လည်ဖွင့်လှစ်မည်

ရှန်းဂန်ဇုန်ပြင်ပ နိုင်ငံနယ်နိမိတ်များကို ပြင်သစ်ပြန်လည်ဖွင့်လှစ်မည်

ဇွန် ၁၃

ပြင်သစ်နိုင်ငံသည် ဇူလိုင် ၁ ရက်မှစ၍ ဥရောပ၂၆ နိုင်ငံပါဝင်သော ရှန်းဂန်ဇုန်ပြင်ပရှိ နိုင်ငံနယ်နိမိတ်များအား တဖြည်းဖြည်းပြန်လည်ဖွင့်လှစ်သွားမည်ဟု ပြည်ထဲရေးနှင့်နိုင်ငံခြားရေးဝန်ကြီးများက သောကြာနေ့တွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပြင်သစ်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန်အတွက် မတ်လလယ်က နိုင်ငံအဝင်အထွက်များကို ပိတ်ထားခဲ့သော်လည်း ဇူလိုင် ၁ ရက်မှစ၍ ဘော်လ်ကန်ဒေသရှိ အချို့သောနိုင်ငံများအတွက် ပြန်လည် ဖွင့်လှစ်ပေးရန် ဥရောပသမဂ္ဂက ကြာသပတေးနေ့တွင် အကြံပြုခဲ့သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian နှင့်ပြည်ထဲရေးဝန်ကြီး Christophe Castaner တို့က ပြင်သစ်၏ပြန်လည်ဖွင့်လှစ်ခြင်းသည်ကျန်ဥရောပနိုင်ငံများနှင့်အညီဖြစ်လိမ့်မည်ဟု ထုတ်ပြန်ချက်တွင် ရေးသားသည်။

“ဖွင့်လှစ်မှုကို တဖြည်းဖြည်းလုပ်ဆောင်သွားမှာဖြစ်ပြီးတော့ တတိယနိုင်ငံတိုင်းစီမှာ ကျန်းမာရေးအခြေအနေအရ အပြောင်းအလဲတွေ ရှိပါလိမ့်မယ်။ ဖွင့်လှစ်မှုတွေကို ဥရောပအဆင့်သဘောတူညီချက်တွေနဲ့ အစီအစဉ် အတိုင်းလုပ်ဆောင်သွားမှာပါ” ဟု ဝန်ကြီးများကဆိုသည်။

ဥရောပသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဒဏ်ကို ပြင်းပြင်းထန်ထန်ခံရပြီး ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့သေဆုံးသူအရေအတွက်၏ထက်ဝက်ခန့် သေဆုံးခဲ့ကြသည်။ သို့သော် စပိန်၊ အီတလီနှင့်ပြင်သစ်အပါအဝင် ရောဂါဒဏ် အဆိုးရွားဆုံးခံရသောနိုင်ငံများစွာတွင် ဗိုင်းရပ်စ်ကူးစက်မှုနှေးကွေးလာခဲ့ပြီး အကန့်အသတ်စီမံချက်များကို ဖြေလျှော့ခဲ့ကြသည်။

ပြင်သစ်သည် ဇွန်လ ၁၅ ရက်မှစ၍ အခြားသော ရှန်းဂန်နိုင်ငံဝင်များနှင့်အတူ နိုင်ငံအဝင်အထွက်ကန့်သတ်ချက်အားလုံးကို ဖယ်ရှားပေးမည်ဟု ဝန်ကြီးနှစ်ဦးဖြစ်သည့် Castaner နှင့် Le Drian တို့က အတည်ပြုခဲ့သည်။

စပိန်သည် နိုင်ငံရပ်ခြားမှပြန်လာသူများကို စောင့်ကြည့်ကန့်သတ်ဆဲဖြစ်ပြီး ပြင်သစ်ကလည်းနှစ်ဦးနှစ်ဖက်အကျိုးပြုသည့် စီမံချက်များလုပ်ရန် ကတိပြုထားသည်။

ရှန်းဂန်နယ်စည်းမခြားဒေသတွင် ဆွစ်ဇာလန်၊ နော်ဝေး၊ အိုက်စလန်နှင့် လက်ခ်ချန်စတိုင်း အပါအဝင် ဥရောပသမဂ္ဂနိုင်ငံအများစု ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly