ဒူးတစ်ဖက်ထောက် ဆန္ဒထုတ်ဖော်တာ၊ 'Black Lives Matter' စာတန်းပါ ဂျာစီအင်္ကျီဝတ်ဆင်တာတွေကို ပရီးမီးယားလိဂ် အတည်ပြု

ဒူးတစ်ဖက်ထောက် ဆန္ဒထုတ်ဖော်တာ၊ 'Black Lives Matter' စာတန်းပါ ဂျာစီအင်္ကျီဝတ်ဆင်တာတွေကို ပရီးမီးယားလိဂ် အတည်ပြု

ပရီးမီးယားလိဂ်ဟာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ပွဲမစခင် ဒါမှမဟုတ် ပွဲကစားနေချိန်အတွင်း  ဒူးတစ်ဖက်ထောက်ပြီး ဆန္ဒပြမယ့် ကစားသမားတွေကို အားပေးထောက်ခံသွားမှာဖြစ်ပြီး လာမယ့်ပတ် ပြန်လည်စတင်မယ့် ပထမဆုံး လိဂ်ပွဲစဉ် ၁၂ ပွဲမှာ ကစားသမားတွေရဲ့ ဂျာစီအင်္ကျီနောက်ကျော နာမည်နေရာမှာ "Black Lives Matter" (လူမည်းတွေရဲ့ အသက်ဟာ တန်ဖိုးရှိတယ်)ဆိုတဲ့ စာတန်းကို အစားထိုးသွားမှာဖြစ်ပါတယ်။

"၂၀၁၉-၂၀ ဘောလုံးရာသီ ပြန်စမယ့် ပထမဆုံး ၁၂ ပွဲမှာ သူတို့ရဲ့နာမည်တွေကို Black Lives Matter နဲ့ ရှပ်အင်္ကျီနောက်ကျောမှာ အစားထိုးဖို့ ကစားသမားတွေရဲ့ ဆန္ဒကို လိဂ်အနေနဲ့ ထောက်ခံပါတယ်။"လို့ ပရီးမီးယားလိဂ်က သောကြာနေ့က ထုတ်ပြန်ကြေညာချက်မှာ ပြောပါတယ်။

"ဒါ့အပြင် လိဂ်အနေနဲ့ ပွဲမတိုင်ခင် ဒါမှမဟုတ် ပွဲကစားချိန်အတွင်း ဒူးတစ်ဖက်ထောက်ပြီး ဆန္ဒပြမယ့် ကစားသမားတွေကိုလည်း အားပေးထောက်ခံသွားမှာဖြစ်ပါတယ်။"

မေလ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံမှာ လူဖြူရဲအရာရှိတစ်ဦးရဲ့ လွန်ကျူးစွာ ပြုမှုမှုကြောင့် သေဆုံးခဲ့ရတဲ့ အာဖရိကန်-အမေရိကန်ဖွားဖြစ်သူ ဂျော့ချ်ဖလွိုက်အတွက် ကမ္ဘာနဲ့ချီပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်း ၂၀ လုံးက ကစားသမားတွေရဲ့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း "ကျနော်တို့ ကစားသမားတွေအနေနဲ့ လူမျိုးရေးမုန်းတီးမှုတွေကို အမြစ်ပြတ်တိုက်ဖျက်ရေး ရည်ရွယ်ချက်နဲ့အတူ အတူတကွရပ်တည်နေပါတယ်။ သူတို့ရဲ့ အသားအရောင် ဒါမှမဟုတ် အယူဝါဒနဲ့ မသက်ဆိုင်ဘဲ အားလုံးအတွက် လေးစားမှုနဲ့ တန်းတူညီမျှ အခွင့်အရေးတွေ ရရှိနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာဖို့ ကတိပြုပါတယ်။"လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ် ၂၉ မှာ ဒေါ့မွန်ကစားသမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ဟာကီမီ၊ ရှော်လ်ကေးကွင်းလယ်လူ မက်ကန်နီးနဲ့ မိုချန်ဂလာဘတ်တိုက်စစ်မှူး မားကပ်စ်သူရမ်တို့ကလည်း ဂျော့ချ်ဖလွိုက်အတွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အင်္ဂလန်ရဲ့ ထိပ်တန်းကလပ်အသင်းတွေကလည်း လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးကို ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly