တရုတ်မှ ရွှေ့ပြောင်းလာမည့် လုပ်ငန်းများကို ဆွဲဆောင်ရန် အင်ဒိုနီးရှားက စက်မှုဥယျာဉ်ကြီး တည်ဆောက်မည်

တရုတ်မှ ရွှေ့ပြောင်းလာမည့် လုပ်ငန်းများကို ဆွဲဆောင်ရန် အင်ဒိုနီးရှားက စက်မှုဥယျာဉ်ကြီး တည်ဆောက်မည်

ဇွန် ၁၂

တရုတ်နိုင်ငံကနေ ရွှေ့ပြောင်းလာမည့် ကုန်ထုတ်လုပ်ငန်းများကို ဆွဲဆောင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံသည် ဂျာဗားကျွန်း မြောက်ဖက်ကမ်းရိုးတန်းတွင် နိုင်ငံ၌ အကြီးဆုံးများထဲ တစ်ခုအပါအဝင်ဖြစ်မည့် စက်မှုဥယျာဉ်ကြီး တည်ဆောက်သွားရန် စီစဉ်လျက် ရှိသည်။

အရှေ့တောင်အာရှ၏ စီးပွားရေးအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချမှတ်ထားသော လော့ဒေါင်းကို ပြန်လည်ရုပ်သိမ်းပြီးချိန်မှာပင် ယခုကဲ့သို့ စီစဉ်စိုင်းပြင်းလာခြင်း ဖြစ်သည်။

သို့ရာတွင် လုပ်ခလစာနည်းပါးပြီး ကြီးမားသည့် ပြည်တွင်းဈေးကွက် ရှိသည်ဆိုသော်ငြားလည်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု ကွင်းဆက်တွင် တစ်ခန်းတစ်ကဏ္ဍ ပါဝင်နိုင်ရေးအတွက် ဆယ်စုနှစ်များစွာ အမြစ်တွယ်နေသော ကြိုးနီစနစ်၊ တင်းကျပ်သော အလုပ်သမားဥပဒေနှင့် အခြေခံအဆောက်အအုံ ချို့တဲ့ခြင်းတို့ကို‌ ကျော်လွှားဖြေရှင်းရလိမ့်မည် ဖြစ်သည်။

လက်ရှိအချိန်၌ ဗီယက်နမ်ကဲ့သို့သော ပြိုင်ဖက်များထက် အသာရရန်အတွက် အစိုးရသည် အပြောင်းအလဲ ဖော်ဆောင်ရေးကို လေးလေးနက်နက် စိတ်ဝင်စားသည်ကို ပြသလာသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ၏ စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို ဖြေရှင်းပေးနိုင်မည့် အဓိကကျသော ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုနိုင်ရေးအတွက်လည်း ကြိုးပမ်းနေလျက် ရှိသည်။

တစ်ချိန်တည်းမှာပင် ဗဟိုဂျာဗားရှိ ဘရီဘီအရပ်တွင် ဘောလုံးကွင်းပေါင်း ၅၀၀၀ ကျော်နှင့် ညီမျှသော ဟတ်တာ ၄၀၀၀ အကျယ်အဝန်းရှိ စက်မှုဥယျာဉ်ကြီး တည်ဆောက်နိုင်ရေးကို တွန်းတင်လုပ်ဆောင်လျက်ရှိသည်။ တရုတ်ပြင်ပသို့ နေရာရွေ့လာမည့် ကုန်သွယ်ရေးကွင်းဆက်ကို အမိအရဆုပ်ကိုင်နိုင်ရေး ရည်ရွယ်၍ အဆိုပါ စက်မှုဥယျာဉ်ကြီးကို တည်ဆောက်ရန် စီစဉ်ခြင်းပဲ ဖြစ်သည်။

“ဒီ စီမံကိန်းကြီးဟာ တရုတ် ပြင်ပကို နေရာပြောင်းရွှေ့မယ့် ကမ္ဘာအနှံ့က ရင်းနှီးမြုပ်နှံသူတွေကို ဘယ်လို ဆွဲဆောင်မလဲဆိုတာ အစပျိုးတဲ့ စီမံကိန်းပါပဲ။”ဟု စက်မှုဥယျာဉ်ကြီးအား တည်ဆောက်မည့် နိုင်ငံပိုင် Kawasan Industri Wijayakusuma ကုမ္ပဏီကြီး၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် အာမတ်ဖူဇိုင်းက ပြောသည်။

မြေယာအာမခံမှု ရှိရေး ပြဿနာကို ဖြေရှင်းနိုင်ရန်လည်း အစိုးရသည် အဆိုပါ စက်မှုဥယျာဉ်ကြီးတွင် အဖိုးချိုသာပြီး ငှားရမ်းခ နည်းပါးသည့် မြေယာများ ချထားပေးနိုင်မည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ထိုင်ဝမ်က Foxconn Technology Group သည် ၂၀၁၄ ခုနှစ်အတွင်းက အင်ဒိုနီးရှားတွင် စက်ရုံတည်ရန် စိတ်ဝင်စားမှု ရှိခဲ့သော်လည်း မြေယာကိစ္စကြောင့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly