ထိုင်းတွင် COVID-19 တိုက်ဖျက်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၆၁ ဘီလီယံကျော်အတွက် ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆို

ထိုင်းတွင် COVID-19 တိုက်ဖျက်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၆၁ ဘီလီယံကျော်အတွက် ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆို

ဇွန် ၁၂

COVID-19 ကပ်ဘေးကြောင့် ဘဏ္ဍာရေး အထိနာမှု လျော့ပါးရေးအတွက် ထိုင်းဘတ်ငွေ ၁ ဒသမ ၉ ထရီလီယံ(အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၄၅ ဘီလီယံ) တန်ဖိုးရှိ စီးပွားရေး ထောက်ကူမှု အစီအစဉ်သုံးရပ်ကို ပြီးခဲ့သည့်လအတွင်းက ထိုင်းလွှတ်တော်က အတည်ပြုခဲ့သည်။

သို့သော် အဆိုပါ ကြီးမားသည့် အသုံးစရိတ်နှင့် ပတ်သက်ကာ အသေးစိတ် သတင်းအချက်အလက် ကင်းမဲ့ကြောင်း အချို့က မှတ်ချက်ချလျက် အဆိုပါ အစီအစဉ်များ၏ ပွင့်လင်းမြင်သာမှုနှင့် စစ်ဆေးထိန်းကွပ်မှုနှင့် ပတ်သက်ကာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဆိုကြသည်။

လွှတ်တော်က အတည်ပြုခဲ့သော အဆိုပါ အသုံးစရိတ် ရန်ပုံငွေ ဥပဒေကြမ်းသည် ကျန်းမာရေးအကျပ်အတည်းမှ စီးပွားရေးကို ထိန်းမတ်နိုင်ရန် ထိုင်းအစိုးရ၏ စီးပွားရေး ကုစားရေး ရန်ပုံငွေ၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်။ ယင်းတွင် အစိုးရက ဘတ်ငွေ တစ်ထရီလီယံ ချေးငွေချထားပေးရေးနှင့် ဗဟိုဘဏ်က အသေးစားနှင့် အလတ်စားလုပ်ငန်းများ SMEs များနှင့် အစုစပ်ငွေးချေးစာချုပ်များကို ပံ့ပိုးပေးမည့် ဘတ်ငွေ ဘီလီယံ ၉၀၀ တန်ဖိုးရှိ အစီအစဉ်နှစ် ပါဝင်သည်။

အဆိုပါ အစီအစဉ်များကို စီးပွားရေးပညာရှင်များကတော့ လိုအပ်၍ လုပ်ဆောင်သည့် အစီအစဉ်များအဖြစ် ယူဆကြသည်။ အရေးအပေါ်အခြေအနေ ပြဋ္ဌာန်းခြင်း၊ တစ်နိုင်ငံလုံး ကာဖျူးမိန့်ထုတ်ပြန်ခြင်း၊ လော့ဒေါင်းလုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံအနှံ့ စီးပွားရေး လုပ်ငန်းကိုင်ငန်းများစွာ တန့်ရပ်ခဲ့ရခြင်းကြောင့် ယခု အစီအစဉ်များသည် လိုအပ်သည်ဟု ၎င်းတို့က ဆိုကြသည်။

သို့သော် စီးပွားရေး ပြန်လည်တည်ဆောက်မှုနှင့် ကျန်းမာရေး ကပ်ဘေးတွင် အကျပ်အတည်း ကြုံကြရသည့် ထိုင်းပြည်သူ သန်းပေါင်းများစွာအား ထောက်ပံ့ရာတွင် အဆိုပါ ဒေါ်လာဘီလီယံများစွာသော ရန်ပုံငွေကို မည်သို့ သုံးစွဲမည်ဆိုခြင်းအား ပိုမို ပွင့်လင်းမြင်သာမှု ရှိကာ အသေးစိတ် ချပြရန် တောင်းဆိုမှုများ ရှိလာသည်။

“ကျွန်မရဲ့ သဘောထားကတော့ ဘတ်ငွေ ဘီလီယံ ၉၀၀ အစီအစဉ်နှစ်ရပ်အတွက် သိပ်ပြီး မပူပန်မိဘူး။ ဒါကို ဗဟိုဘဏ်က တာဝန်ယူထားတာအတွက် ဖြစ်တယ်။”ဟု စီးပွားရေးပညာရှင် အချာဝန်နန်တက်ကူက ပြောသည်။

သူ အစိုးရိမ် အပူပန်ဆုံးက အစိုးရ စီမံခန့်ခွဲမည့် ချေးငွေ ဘတ် တစ်ထရီလီယံအတွက် ဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့်ဆိုသော် ယင်း ချေးငွေကို မည်သို့ စီမံသုံးစွဲမည်ဆိုခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် ချပြရန် အကန့်အသတ်များ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ချေးငွေမှ ဘတ်ငွေ ၄၀၀ ဘီလီယံကို လူထုအခြေပြု စီးပွားရေးများကို ထောက်ပံ့ရန်နှင့် ပြည်တွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး စီမံကိန်းများ ပါဝင်သည့် စီးပွားရေးနှင့် လူမှုရေး ပြန်လည်တည်ဆောက်မှုများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအရ သိရသည်။

ကျန်သော ဘတ်ငွေ ဘီလီယံ ၆၀၀ ကို ပြည်သူ့ကျန်းမာရေးနှင့် တောင်သူလယ်သမားများကို ထောက်ပံ့ခြင်းအပြင် ခြောက်လတာကာလအတွင်း ကျန်းမာရေးအကျပ်အတည်းဒဏ် ခံစားခဲ့ရသော ပြည်သူများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly