ဇေယျာရွှေမြေအသင်း လာမည့်နှစ်အတွက် ပြည်တွင်းကစားသမားသစ် သုံးဦး ခေါ်ယူ

ဇေယျာရွှေမြေအသင်း လာမည့်နှစ်အတွက် ပြည်တွင်းကစားသမားသစ် သုံးဦး ခေါ်ယူ
ရခိုင်အသင်းမှ ပဏာမမြန်မာ့လက်ရွေးစင်ကစားသမား ပြည်မိုးအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

နိုဝင်ဘာ ၆၊ ရန်ကုန်။             ။ ဇေယျာရွှေမြေကလပ်အသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီအကြို ပြင်ဆင်မှုအနေဖြင့် ရခိုင်ယူနိုက်တက်အသင်းမှ ပြည်တွင်းကစားသမား သုံးဦးအား ခေါ်ယူရန် သဘောတူညီရရှိထားသည် ဟု ဇေယျာရွှေမြေအသင်း မီဒီယာတာဝန်ခံ ဦးကျော်ကျော်မိုးက ပြောသည်။

အဆိုပါ ကစားသမား သုံးဦးမှာ ရခိုင်ယူနိုက်တက်အသင်းမှ စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ပဏာမမြန်မာ့လက်ရွေးစင်ကစားသမား ပြည်မိုး အပါအဝင် ပြည့်ဖြိုးကိုကိုနှင့် ဝေဖြိုးလွင် တို့ ဖြစ်ကြသည်။

လာမည့်နှစ်အတွက် ဇေယျာရွှေမြေအသင်းပြင်ဆင်မှုနှင့် ပတ်သက်၍ “ နောက်ရာသီအတွက် အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာပါ။ ဒီရာသီမှာ ရလဒ်မကောင်းလို့ အသင်းနဲ့ လမ်းခွဲလိုက်တဲ့ စတီဗင်ဟန်ဆန်နေရာမှာလည်း နိုင်ငံခြားသားနည်းပြသစ် တစ်ဦးခေါ်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားကစားသမားအချို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ စီစဉ်သွားမှာပါ။   ပြည်တွင်းကစားသမားအသစ် သုံးဦးကိုလည်း ခေါ်ဖို့ သဘောတူထားပါပြီ။ ရခိုင်အသင်းက စာချုပ်သက်တမ်းကုန်သွားတဲ့ ပြည်မိုး၊  ပြည့်ဖြိုးကိုကို၊ ဝေဖြိုးလွင် တို့ကို ခေါ်သွားမှာပါ ” ဟု ဦးကျော်ကျော်မိုးက ပြောသည်။

ဇေယျာရွှေမြေအသင်းသည် ယခုနှစ် ၂၀၁၅ ဘောလုံးရာသီတွင် ဆွီဒင်လူမျိုး စတီဗန်ဟင်ဆန်ကို နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့သော်လည်း ရလဒ်များဆိုးဝါးခဲ့ကာ ရာသီကုန်ချိန်၌ နိုင်ပွဲ ငါးပွဲသာ ရရှိခဲ့ပြီး ရမှတ် ၂၃ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၈ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly