အာကာသ၌ ၁၅၇ ရက်ကြာစက်ဝန်းဖြင့် ရေဒီယိုလှိုင်းပေါက်ကွဲမှုအချက်ပြများ ထုတ်လွှတ်နေကြောင်း လေ့လာတွေ့ရှိ

အာကာသ၌ ၁၅၇ ရက်ကြာစက်ဝန်းဖြင့် ရေဒီယိုလှိုင်းပေါက်ကွဲမှုအချက်ပြများ ထုတ်လွှတ်နေကြောင်း လေ့လာတွေ့ရှိ

ဇွန် ၁၁

နက္ခတ္တဗေဒပညာရှင်များသည် အလင်းနှစ်ပေါင်း သုံးဘီလီယံအကွာအဝေးရှိ နဂါးငွေ့တန်းငယ်တစ်ခုမှ လျှို့ဝှက်ဆန်းကြယ်သည့် မြန်ဆန်သောရေဒီယိုလှိုင်းပေါက်ကွဲမှု (Fast Radio Burst- FRB) တစ်ခုကို ခြေရာခံမိခဲ့ သည်ဟု ယခုသီတင်းပတ်တွင် ကြေညာခဲ့သည်။ FRB ဟု လူသိများသော ပေါက်ကွဲမှုသည် ၁၅၇ ရက်ကြာစက်ဝန်းပုံစံဖြင့် ကမ္ဘာမြေပြင်ဆီသို့ ရေဒီယိုပေါက်ကွဲမှုအချက်ပြများကို ထပ်တလဲလဲ ထုတ်လွှတ်နေပုံရသည်ဟု နက္ခတ္တဗေဒပညာရှင်အဖွဲ့က ပြောသည်။

FRB တစ်ခုသည် ထပ်တလဲလဲပုံစံဖြင့်ပေါက်ကွဲသည်ဆိုသည်ကို သိပ္ပံပညာရှင်များက ဒုတိယအကြိမ် ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ၌ အလင်းနှစ်သန်းပေါင်း ၅၀၀ အကွာအဝေးမှ အရာဝတ္ထုတစ်ခုသည် ၁၆ ရက်တိုင်းတွင် တစ်ကြိမ် အချက်ပြမှုများထုတ်လွှတ်နေဟန်ရှိသည်ကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့သည်။

FRB များသည် အာကာသထဲတွင် ကြာချိန်မီလီစက္ကန့်သာရှိသည့် ရေဒီယိုလှိုင်းများပေါက်ကွဲခြင်းဖြစ်သည်။ နက္ခတ္တဗေဒပညာရှင်များသည် ၎င်းတို့၏ရင်းမြစ်နဂါးငွေ့တန်းများကိုခြေရာခံခဲ့ကြသော်လည်း ဖြစ်ပေါ်စေသည့်အကြောင်းရင်းကို မတွေ့ရှိကြသေးပေ။

Jordell Bank Observatory တွင်  မန်ချက်စတာတက္ကသိုလ်မှ နက္ခတ္တဗေဒပညာရှင်များဦးဆောင်သည့် နိုင်ငံတကာအဖွဲ့သည် နှစ်ပေါင်းများစွာလေ့လာခဲ့သော FRB 121102 မှ ထုတ်လွှတ်မှုများကို ခြေရာခံနိုင်ခဲ့ကြသည်။ FRB အကြောင်းလေ့လာမှုကို တော်ဝင်နက္ခတ္တဗေဒဆိုင်ရာအဖွဲ့၏ တနင်္ဂနွေနေ့ကထုတ်ဝေသော လစဉ်ထုတ်ဂျာနယ်တွင် ဖော်ပြခဲ့သည်။

FRB သည် ရက်ပေါင်း ၉၀ အတွင်း ပေါက်ကွဲမှုအချက်ပြများ ထုတ်လွှတ်ပြီးနောက် ၆၇ ကြာ ပြန်လည်ငြိမ်သက်သွားခြင်းကို ၁၅၇ ရက်ကြာတိုင်းတွင် တစ်ကြိမ် ထပ်တလဲလဲဖြစ်နေသည်ဟု နက္ခတ္တဗေဒပညာရှင်များက ပြောသည်။ FRB ကို ၂၀၁၂ နှစ်တွင် ပထမဆုံးတွေ့ရှိခဲ့ပြီး ၂၀၁၆ တွင် ထပ်တလဲလဲ မြင်တွေ့ခဲ့ရသော်လည်း ယခုပုံစံကိုမူ ပထမဆုံးဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုတွေ့ရှိမှုသည် FRB များ၏ရင်းမြစ်ကို ရှာဖွေရာ၌ အရေးပါသောခြေလှမ်းတစ်ခုပင်ဖြစ်သည်။ ဧရာမကြယ်ပွင့် (နျူထရွန်ကြယ်ပွင့် သို့မဟုတ် တွင်းနက်တစ်ခု) ၏ ပတ်လမ်းနှင့်ဆက်စပ်နေသည်ကို ထပ်တလဲလဲပုံစံဖြစ်ပေါ်နေသည့် ရေဒီယိုလှိုင်းပေါက်ကွဲမှုများက ညွှန်ပြနိုင်သည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။

နောက်သီအိုရီတစ်ခုမှာ ပုံစံ( pattern ) သည် သံလိုက်စက်ကွင်းအားပြင်းသောနျူထရွန်ကြယ်၏ လည်နေသောဝင်ရိုးတွင် အခါအားလျော်စွာ တုန်ခါစေသော်လည်း ရှည်လျားသောဝင်ရိုးဖြစ်ပါက ဤသီအိုရီမဖြစ်နိုင်ဟု ဆိုသည်။

“ပေါက်ကွဲမှုမှာ ဒီပုံစံကို ကျွန်တော်တို့မြင်လိုက်ရတာ ဒုတိယစနစ်တစ်ခုအနေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရလဒ်ပါ။ အချိန်မှတ်ဖြစ်ပေါ်မှုတွေကို ထောက်လှမ်းတာဟာ ပေါက်ကွဲမှုရဲ့ မူလအစအပေါ် အရေးပါတဲ့ စစ်ဆေးမှုတစ်ခုပါ။ လှုပ်ရှားမှုစက်ဝန်းက ဝင်ရိုးပေါ်လည်နေတဲ့နျူထရွန်ကြယ်နဲ့လည်း ဆန့်ကျင်မှုဖြစ်နိုင်ပါတယ်” ဟု ဦးဆောင်ရေးသားသူ Dr. Kaustubh Rajwade က ပြောသည်။

ယခု FRB ပုံစံသည် အချက်ပြထုတ်လွှတ်မှုများအတွက် အကွာအဝေး အလားအလာကိုညွှန်ပြလျက်ရှိပြီး ၁၆ ရက်ကြာတိုင်း အချက်ပြသည့် ရေဒီယိုပေါက်ကွဲမှုထက် သိသိသာသာ ဖြစ်စဉ် ရှည်လျားသည်။

"FRB တွေရဲ့ မူလအစအကြောင်းကို ကျွန်တော်တို့ သိပ်မသိသေးဘူးဆိုတာကို ဒီစိတ်လှုပ်ရှားစရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုက မီးမောင်းထိုးပြနေပါတယ်။ ဒီအချိန်မှတ်ဖြစ်ပေါ်မှု အရင်းအမြစ်တွေနဲ့ သူတို့ရဲ့ ဇစ်မြစ်တွေအကြောင်း ရှင်းရှင်းလင်းလင်း ပုံဖော်နိုင်ဖို့ FRB များစွာကို ထပ်လေ့လာဖို့လိုအပ်တယ်” ဟု အနောက်ဗာဂျီးနီးယားတက္ကသိုလ်မှ သုတေသနဆိုင်ရာတွဲဖက် ဌာနမှူး Duncan Lorimer ကပြောသည်။ Duncan Lorimer ကို ပါရဂူတန်းတက်နေသောကျောင်းသား Devansh Agarwal ကလည်း အချက်အလက် ခွဲခြမ်းစိတ်ဖြာသည့်နည်းစနစ်တွင် ပါဝင်ကူညီပေးလျက်ရှိသည်။

၂၀၀၇ ခုနှစ်တွင် ပထမဦးဆုံး FRB ကိုစတင်တွေ့ရှိကတည်းက အဆိုပါရေဒီယိုအချက်ပြမှုများသည် သိပ္ပံပညာရှင်များအတွက် လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ FRB များသည် ဂြိုလ်သားများထံက သတင်းစကားလားဆိုသည်ကိုလည်း အချို့က သိချင်နေကြသည်။ သုတေသနသာဆက်မလုပ်ပါက သိနိုင်စရာအကြောင်းမရှိပေ။ ရေဒီယိုလှိုင်းပေါက်ကွဲမှု ရာပေါင်းများစွာ တွေ့မြင်ပြီးဖြစ်သော်လည်း အနည်းငယ်သာ ထပ်တလဲလဲအချက်ပြမှုပုံစံဖြင့် တွေ့မြင်ရသည်။ ၎င်း ရေဒီယိုပေါက်ကွဲမှုများသည် စကြာဝဠာတစ်ခွင်လုံးရှိ မူရင်းနေရာများမှ ထွက်ပေါ်လာဟန်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly