ဩစတြေးလျ ဌာနေတိုင်းရင်းသားများ၏ နယ်မြေများစွာ သတ္တုတူးဖော်ရေး BHP ကုမ္ပဏီကြီးကြောင့် ဖျက်ဆီးခံရရန် ရှိ

ဩစတြေးလျ ဌာနေတိုင်းရင်းသားများ၏ နယ်မြေများစွာ သတ္တုတူးဖော်ရေး BHP ကုမ္ပဏီကြီးကြောင့် ဖျက်ဆီးခံရရန် ရှိ

ဇွန်  ၁၁

ဩစတြေးလျနိုင်ငံ အလယ်ပိုင်း ပီဘာရာပြည်နယ်ရှိ အက်ဘောရီဂျီနယ် ဌာနေတိုင်းရင်းသားလူမျိုးစုများ၏ အရေးပါသော နယ်မြေ အနည်းဆုံး ၄၀ (၈၆ နယ်မြေလည်း ဖြစ်နိုင်) သည် BHP Billiton သတ္တုတူးဖော်ရေး ကုမ္ပဏီကြောင့် ပျက်ဆီးရတော့မည့် ဘေးနှင့် ကြုံနေရသည်။

BHP ကုမ္ပဏီကြီးက ၎င်း၏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ South Flank သံမဏိတူးဖောက်ရေး လုပ်ငန်းကို တိုးချဲ့မည်ဖြစ်ခြင်းကြောင့် တိုင်းရင်းသားနယ်မြေများကို ဖျက်ဆီးပစ်ရန် ရှိလာခြင်း ဖြစ်သည်။

ယင်း အရေးကို နယ်မြေပိုင် တိုင်းရင်းသားများက ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ကို သိရှိထားကြောင်း ကုမ္ပဏီ၏ ကိုယ်ပိုင်အစီရင်ခံစာတွင် ဖော်ပြထားသည့်ကြားမှ ရှေ့တိုးလုပ်ဆောင်ရန် ရှိနေသည်။

Guardian Australia သတင်းဌာနက  မြင်တွေ့ခွင့်ခဲ့သည့် မှတ်တမ်းမှတ်ရာများတွင် BHP ၏ ရှေးဟောင်းသုတေသနဆိုင်ရာ ဆန်းစစ်ချက်အရ ယင်းနယ်မြေများရှိ ကျောက်ဆောင်ကျောက်ဂူများသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ နှင့် ၁၅၀၀၀ ကြားတွင် လူများ နေထိုင်ခဲ့သည်ဟု သိရသည်။

ကျယ်ပြန့်သော ယင်း နယ်မြေအတွင်း သက်သေအထောက်အထားများအရ ပတ်ပတ်လည် နယ်မြေများတွင် တိုင်းရင်းမျိုးနွယ်စုများ နေထိုင်ခဲ့သည်မှာ ခန့်မှန်းခြေ နှစ်ပေါင်း လေးသောင်းခန့် ရှိသည်ဟု ယင်း ဆန်းစစ်ချက်တွင် မှတ်ချက်ချထားသည်။

၂၀၁၉ စက်တင်ဘာလအတွင်း BHP ၏ ထုတ်ပြန်ချက်တွင် အဆိုပါ နယ်မြေဧရိယာ၌ ရှေးဟောင်း တိုင်းရင်းသားမျိုးနွယ်များ နေထိုင်ခဲ့ရာ နေရာ ၂၂ နေရာ၊ အထွဋ်အမြတ်ထားသော သစ်ပင်များ၊ နံရံပန်းချီများ ရေးခြယ်ထားသည့် ကျောက်ဆောင်လိုဏ်ဂူများ၊ ကျောက်တုံးကျောက်ခဲများ စီရီတည်ဆောက်ထားမှုများနှင့် ရှေးဟောင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်နိုင်ဖွယ်ရာရှိသော တည်ဆောက်မှု ၄၀ တို့ ရှိသည်ဟု ဖော်ပြထားသည်။

အနောက်ပိုင်း ဩစတြေးလျ အက်ဘောဂျီနယ် ရှေးဟောင်းအမွေအနှစ် အက်ဥပဒေ ပုဒ်မ ၁၈ အရ နယ်မြေပိုင် ဌာနေတိုင်ရင်းသားများသည် ကန့်ကွက်စာ တင်ခြင်းနှင့် ၎င်းတို့ အထွဋ်အမြတ်ထားရာ နေရာများ ဖျက်ဆီးခံရခြင်းကို ကာကွယ်နိုင်ခြင်းငှာ မစွမ်းဆောင်နိုင်ဘဲ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly