လေပေါ်ပျံဝဲတက္ကစီကုမ္ပဏီ Lilium တွင် Baillie Gifford ကုမ္ပဏီက ဒေါ်လာ ၃၅ သန်း ရင်းနှီးငွေ ထည့်ဝင်

လေပေါ်ပျံဝဲတက္ကစီကုမ္ပဏီ Lilium တွင် Baillie Gifford ကုမ္ပဏီက ဒေါ်လာ ၃၅ သန်း ရင်းနှီးငွေ ထည့်ဝင်

ဇွန် ၁၁

လေပေါ်ပျံဝဲတက္ကစီများ ပြေးဆွဲနိုင်ရေး ကြိုးပမ်းလျက်ရှိသည့် မြူးနစ်အခြေစိုက် Lilium ကုမ္ပဏီတွင် ယခင်က အမေဇုံ၊ SpaceX နှင့် Spotify ကုမ္ပဏီကြီးများတွင် ရင်းနှီးမြုပ်နှံခဲ့ဖူးသော Baillie Gifford ရင်းနှီးမြုပ်နှံရေးကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၅ သန်း အရင်းအနှီးမတည်ငွေ ထည့်ဝင်ခဲ့သည်။

Lilium ကုမ္ပဏီသည် လျှပ်စစ်လေပေါ်ဝဲတက္ကစီများကို ဒီဇိုင်းဆွဲ ထုတ်လုပ်လျက်ရှိပြီး လာမည့် ဆယ်စုနှစ်အတွင်း ဒေသအာဏာပိုင်များနှင့် မိတ်ဖက်ပြုကာ ဒေသတွင်းနှင့် နိုင်ငံများတွင် ဝန်ဆောင်ပြေးဆွဲနိုင်ရေး မျှော်လင့်ထားသည်။

လေပေါ်ဝဲကားများကို သိပ္ပံစိတ်ကူးယဉ်မှုအဖြစ် အများစုက ချောင်ထိုးကြသော်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော Morgan Stanley က တစ်နေ့တွင် လေပေါ်ဝဲကားများ၏ ဈေးကွက်သည် တစ်ကမ္ဘာလုံးအနှံ့ အမေရိကန်ဒေါ်လာ ၃ ထရီလီယံ ရှိလာလိမ့်မည်ဟု ခန့်မှန်းထားသည်။

Lilium ကုမ္ပဏီအနေဖြင့် အရင်းအနှီးရန်ပုံငွေအင်အား ဒေါ်လာ သန်း ၃၄၀ ရှိသည်ဟု မတ်လအတွင်းက ထုတ်ပြန်ထားရာ ယခု Baillie Gifford ကုမ္ပဏီ၏ ထည့်ဝင်ငွေကြောင့် ကုမ္ပဏီ၏ အရင်းအနှီးအင်အားသည် ဒေါ်လာ ၃၇၅ သန်းအထိ ရှိလာပြီဖြစ်သည်။

“Baillie Gifford ဟာ ကမ္ဘာမှာ ဩဇာကြီးတဲ့ နည်းပညာရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သူတို့ရဲ့ ခုလို ရင်းနှီးမြုပ်နှံမှုဟာ ကျွန်တော်တို့ရဲ့ တီထွင်ထုတ်လုပ်မှုနဲ့ စီးပွားရေးလုပ်ငန်းအပေါ် ယုံကြည်မှုကို ပြသနေတာပဲ ဖြစ်တယ်။”ဟု Lilium ၏ စီအီးအိုဖြစ်သူ ခရစ္စတိုဖာဒဲလ်ဘရက်က Business Insider သို့ ပြောခဲ့သည်။

“ကာဗွန်ထုတ်လုပ်မှု ကင်းမဲ့တဲ့ လျှပ်စစ်လေပေါ်ဝဲကားတွေ ဝန်ဆောင်ပျံသန်းနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေရာမှာ Baillie Gifford နဲ့အတူ ရှေ့ဆက်အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၅ လောက်ဆိုရင် ပျံသန်းပြေးဆွဲနိုင်လောက်ပါပြီ။”ဟု ၎င်းက ပြောခဲ့သည်။

Lilium ကုမ္ပဏီသည် ထောင့်မှန် အတက်အဆင်း ပြုနိုင်သော ထိုင်ခုံငါးလုံးပါ  လျှပ်စစ်လေပေါ်ပျံဝဲကား Lilium Jet ရှေ့ပြေးပုံစံကို ထုတ်လုပ်ထားနိုင်ပြီးဖြစ်သည်။

ကုမ္ပဏီအနေဖြင့် ဒေါင်လိုက် ပျံတက်နိုင်သော လျှပ်စစ်လေပေါ်ပျံဝဲကားကို ယခင်က ပြသထားဖူးသည်။ ယင်း လေယာဉ်သည် တစ်နာရီ ၆၂ မိုင်နှုန်း အလျင်ဖြင့် ရှေ့တူရှုသို့ အမြင့်ပျံသန်းနိုင်သည်။ ကုမ္ပဏီအနေဖြင့် လူမောင်းနှင်သော တစ်နာရီ မိုင် ၁၉၀ အလျင်နှုန်းရှိသည့် လေပေါ်ဝဲကားများကို ခရီးသည် တစ်ဦးလျှင် ဒေါ်လာ ၇၀ နှုန်းဖြင့် ပြေးဆွဲရန် ပန်းတိုင်ချမှတ်ထားခြင်း ဖြစ်သည်။

၎င်း၏ ယာဉ်များက လူများအတွက် ဘေးကင်းကြောင်း သက်သေပြနိုင်ပြီး ဥရောပမှ အတည်ပြုချက်ရရှိပါက စီးပွားဖြစ် ပြေးနိုင်တော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly