ပါကစ္စတန် သူလျှိုခိုတစ်ကောင်ကို ဖမ်းဆီးရမိဟု အိန္ဒိယက ပြော  

ပါကစ္စတန် သူလျှိုခိုတစ်ကောင်ကို ဖမ်းဆီးရမိဟု အိန္ဒိယက ပြော  

ဇွန် ၁၀

သူလျှိုအဖြစ်အသုံးပြုရန် ပါကစ္စတန်များက လေ့ကျင့်ပေးထားသည်ဟု ယူဆရသော ခိုတစ်ကောင်ကို အိန္ဒိယနယ်စပ်၌ ဖမ်းမိထားသည်ဟု တာဝန်ရှိသူများက ပြောသည်။ အဆိုပါငှက်ကို ပါကစ္စတန်ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသခွဲနှင့်အိန္ဒိယကိုပိုင်းခြားထားသော နယ်စပ်တွင် မန်ယာရီရွာသားများက ဖမ်းမိခဲ့တာဖြစ်ပြီး ငှက်တွင် ဝှက်စာသတင်းစကားပါသည်ဟု သိရသည်။

လုံခြုံရေးအေဂျင်စီများက အဆိုပါ ဝှက်စာကို အဓိပ္ပါယ်ဖော်ရန် ကြိုးစားနေကြသည်ဟု တာဝန်ရှိသူများက အိန္ဒိယသတင်းဌာန PTI ကို ပြောသည်။

ပါကစ္စတန်ဘက်မှပျံသန်းလာပြီး အမျိုးသမီးတစ်ဦး၏နေအိမ်သို့ ဝင်ရောက်ခဲ့သော ၎င်းခိုကို ရွာသားများက ဖမ်းကာ တနင်္ဂနွေနေ့တွင် ရဲများထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း Kathua မြို့မှ ရဲအုပ် Shailendra Mishra က ပြောသည်။

“ခိုရဲ့ ခြေထောက်တစ်ဖက်ပေါ်မှာ နံပါတ်တွေရေးထားတဲ့ ကွင်းတစ်ခုတွဲချည်ထားတာတွေ့ပါတယ်။ အဲဒါကို အခု စစ်ဆေးနေပါတယ်။ သူလျှိုအတွက်သုံးတယ်လို့တော့ အတတ်မပြောနိုင်သေးပါဘူး။ ခြေထောက်မှာ အဲဒီကွင်းလေးပါတာကိုမြင်ပြီး ဒေသခံတွေက ဖမ်းခဲ့ကြတာပါ။ တချို့က အဲဒါကို ဝှက်စာလို့ပြောကြပါတယ်။ ပါကစ္စတန်ရဲ့ ပန်ဂျက်ပြည်နယ်ဘက်မှာဆိုရင်  ခိုမှာ သခင်ရှိတယ်ဆိုတာသိအောင် နံပါတ်ပြားလေးတွေ ချိတ်ပေးကြပါတယ်” ဟု Shailendra Mishra ကဆိုသည်။

အငြင်းပွားဖွယ်နယ်စပ်၌ ယခင်ကလည်း ငှက်များကို သူလျှိုလုပ်စေကာ ထောက်လှမ်းရန် အသုံးပြုကြလေ့ရှိသည်။

၂၀၁၆ ခုနှစ်ကလည်း အိန္ဒိယဝန်ကြီးချုပ် နရန္ဒြာမိုဒီကို ခြိမ်းခြောက်သောစာသားပါသည့် ကဒ် တွဲချည်ထားသော ငှက်တစ်ကောင်ကို ပါကစ္စတန်နယ်စပ်အနီးတွင်တွေ့ရှိခဲ့ကြပြီး အိန္ဒိယ ပန်ဂျက်ပြည်နယ်ရှိ Pathankot မှ ရဲများကယူဆောင်လာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly