ဆန္ဒပြပွဲ ထိန်းချုပ်ရန် စစ်တပ်အသုံးပြုမည့် ဒေါ်နယ်ထရမ့်အပေါ် အငြိမ်းစားဗိုလ်ချုပ်ကြီးများ ဝေဖန်

ဆန္ဒပြပွဲ ထိန်းချုပ်ရန် စစ်တပ်အသုံးပြုမည့် ဒေါ်နယ်ထရမ့်အပေါ် အငြိမ်းစားဗိုလ်ချုပ်ကြီးများ ဝေဖန်

ဇွန် ၁၀

အမေရိကန်တွင် ဆန္ဒပြသူများကို စစ်တပ်သုံးနှိမ်နင်းမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သော သမ္မတ ဒေါ်နယ်ထရမ့်ကို ဝေဖန်ပြစ်တင်သူများ ရှိနေပြီး ယခုအခါ အဆိုပါ ဝေဖန်သူများနည်းတူ နောက်ထပ် အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦးကလည်း ထရမ့်ကို ဝေဖန်ပြစ်တင်သွားခဲ့သည်။

နိုင်ငံတဝန်း ဆန္ဒပြပွဲများကို နှိမ်နင်းရန် စစ်တပ်အင်အားအသုံးပြုမည်ဆိုသော ထရမ့်၏ ခြိမ်းခြောက်မှုက အန္တရာယ်ကြီးပြီး အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းကြောင်း အမေရိကန် ပူးတွဲစစ်ဦးချုပ်များအဖွဲ့ ဥက္ကဌဟောင်း မာတင်ဒမ်ဆေးက ဝေဖန်သွားခဲ့သည်။

“စစ်တပ် သုံးပြီး အခြေအနေကို ကိုင်တွယ်မယ်ဆိုတဲ့ သမ္မတရဲ့ စိတ်ကူးကတော့ ကျွန်တော့်အတွက်ကတော့ အင်မတန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်” ဟု ဒမ်ဆေးက ပြောသည်။

“ဆန္ဒပြပွဲတွေအနက်က အများစုကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြခဲ့တဲ့ ဆန္ဒပြပွဲတွေပါ၊ တချို့ကျတော့ အကြမ်းဖက်မှုဘက် ပြောင်းသွားတာမျိုးတွေ ရှိတယ်ဆိုတာကိုလည်း ဝန်ခံရမှာပေါ့၊ ဒီလိုမျိုး အခြေအနေကို စစ်တပ် သုံးပြီး ထိန်းမယ်ဆိုတဲ့ အိုင်ဒီယာကတော့ တော်တော်လေး အန္တရာယ်များတယ်လို့ ကျွန်တော် မြင်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

ဒမ်ဆေးသည် လူမည်းအမျိုးသား ဂျော့ရှ် ဖလွိုက် သေဆုံးပြီးနောက် ပေါ်ပေါက်လာသည့် ဆန္ဒပြပွဲများတွင် ပါဝင်ဆန္ဒပြနေသူများကို သမ္မတ ထရမ့် အစိုးရအဖွဲ့၏ တုံ့ပြန်ကိုင်တွယ်ပုံနှင့်ပတ်သက်၍ နောက်ထပ် ဝေဖန်ပြစ်တင်ပြောဆိုခဲ့သော လူသိများသည့် စစ်ဘက်ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

ထရမ့်အပေါ် ဝေဖန်သူများထဲတွင် နောက်ထပ် ပူးပေါင်းပါဝင်မည့်သူများလည်း ရှိလာနိုင်သည်။

ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သလို အမေရိကန်နိုင်ငံခြားဝန်ကြီးဟောင်းလည်း ဖြစ်သည့် ကောလင်းပါဝဲက တနင်္ဂနွေနေ့တွင် CNN ၏ ‘State of the Union’ အစီအစဉ်တွင် ပါဝင်မည်ဖြစ်ပြီး ထရမ့်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ မေးခွန်းများကို ဖြေသွားဖွယ် ရှိနေသည်။

ဂျော့ရှ်ဖလွိုက် ကိစ္စ ဆန္ဒပြပွဲများအတွင်း စစ်တပ် အသုံးပြုမည်ဟု ခြိမ်းခြောက်ခဲ့သည့် ထရမ့်ကို အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးဟောင်းများက သံပြိုင် ကန့်ကွက်ဝေဖန်လာခဲ့ကြခြင်းလည်း ဖြစ်သည်။

အိမ်ဖြူတော်အရာရှိချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် ဂျွန်ကယ်လီကလည်း ဗိုလ်ချုပ်ကြီး ဂျင်မ် မက်တစ်နှင့်ပတ်သက်၍ ထရမ့်၏ မှတ်ချက်စကားများသည် မနှစ်မြို့ဖွယ်ရာ မှတ်ချက်များဖြစ်သည်ဟု ပြောသွားခဲ့သည်။

နိုင်ငံတဝန်း ဆန္ဒပြပွဲများကို ထရမ့်၏ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ မက်တစ်က လူသိရှင်ကြား ဝေဖန်ခဲ့ပြီးနောက်ပိုင်း အငြိမ်းစား မရိန်းတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး ကယ်လီက ထရမ့်၏ ယခင်ကာကွယ်ရေးဝန်ကြီးဟောင်းဘက်ကနေ ရပ်တည်သွားခဲ့သည်။

မက်တစ်ကို ၂၀၁၈ ခုနှစ်တွင် ၎င်းက အလုပ်ဖြုတ်ခဲ့ခြင်း ဖြစ်သည်ဟု ထရမ့်၏ ပြောဆိုချက်ကို ၎င်းက ပြစ်တင်ပယ်ချခဲ့သည်။

“သမ္မတက သူ့ကို ထုတ်ခဲ့တာမဟုတ်ဘူး၊ သူ့ကို နုတ်ထွက်ပါလို့လည်း ခိုင်းခဲ့တာမဟုတ်ဘူး၊ တကယ်တမ်း ဖြစ်ပျက်ခဲ့တာကို သမ္မတက မေ့နေတာ ဒါမှမဟုတ် စိတ်တွေ ထွေပြားနေတာ ရှင်းနေပါတယ်” ဟု ကယ်လီက Washington Post နှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

“သမ္မတဟာ ဂျင်မ် နဲ့ပတ်သက်လို့ အတော်လေးကို အကောင်းမြင်တဲ့ တွစ်တာ စာတစ်ကြောင်းကို ရေးခဲ့ပါတယ်၊ Fox သတင်းမှာ သူ့စာကို သူတို့အဓိပ္ပါယ်ကောက်တာကို စမတွေ့ခင်အထိပေါ့၊ အဲဒီနောက် သူဟာ ရုန့်ရင်းကြမ်းတမ်းလာပါတယ်၊ ဂျင်မ် မက်တစ်ဟာ သိက္ခာရှိတဲ့ လူတစ်ယောက်ပါ” ဟု ကယ်လီက ပြောသည်။

သမ္မတ နှင့် ကာကွယ်ရေးဝန်ကြီးအကြား တင်းမာမှု မြင့်တက်နေသည့် သတင်းများ ထွက်ပေါ်နေခဲ့စဉ် မက်တစ်သည် ၂၀၁၈ ဒီဇင်ဘာလကုန်ပိုင်းတွင် ၎င်း၏ နုတ်ထွက်စာကို တင်ခဲ့သည်။

မက်တစ်အနေဖြင့် ၎င်း၏ အကြီးအကဲဟောင်းနှင့်ပတ်သက်၍ တော်တော်များများ နှုတ်ဆိတ်နေခဲ့သော်ငြား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပြီး ယင်းစာထဲတွင် လူမည်းအမျိုးသား ဂျော့ရှ်ဖလွိုက် လူဖြူရဲတစ်ဦး၏ လက်ထဲတွင် သေဆုံးမှုကြောင့် ဖြစ်ပေါ်သည့် ဆန္ဒပြပွဲများအပေါ် ထရမ့်၏ ကိုင်တွယ်ပုံကို ဝေဖန်ထားခဲ့သည်။

ထရမ့်သည် အမေရိကန်သားများကို စိတ်ဝမ်းကွဲစေရန် တမင်ကြိုးစားနေသည်ဟု မက်တစ်က စွပ်စွဲထားခဲ့ပြီး ၎င်း၏ လုပ်ဆောင်ချက်များကိုလည်း “သွေးခွဲ၊ အနိုင်ယူ”သည့် နာဇီတို့၏ ပြောဆိုချက်များနှင့် ခှိုင်းနှိုင်းခဲ့သည်။

အငြိမ်းစား  ကြယ်လေးပွင့်အဆင့်ရှိ မရိန်းတပ် ဗိုလ်ချုပ်ကြီး ဂျွန်အလန် နှင့် ပူးတွဲစစ်ဦးစီးချုပ်များ၏ ဥက္ကဌ မာ့ခ် မီလေ တို့အပါအဝင် အခြား ဗိုလ်ချုပ်ကြီးများကလည်း သမ္မတ ထရမ့်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ကြသည်။

မက်တစ်ဘက်က ခုခံကာကွယ်ပေးပြီးနောက်ပိုင်း ၎င်းအနေဖြင့် ထရမ့်လက်အောက် အိမ်ဖြူတော်ဆက်သွယ်ရေးဒါရိုက်တာအဖြစ် တာဝန်ထမ်းခဲ့သည့် အန်တိုနီ စကာရာမူဆီ၏ အင်တာဗျူးမေးမြန်းမှုကို ဖြေဆိုမည်ဟု ကြေညာခဲ့ပြီးနောက် ကယ်လီသည်လည်း အထက်ပါဗိုလ်ချုပ်ကြီးများနှင့်အတူ ပူးပေါင်းနိုင်သည်။

သမ္မတ ထရမ့်ကလည်း မတိကျမှုများ ရှိနေသည့် အပိုင်းနှစ်ခုပါ တွစ်တာ ရေးသားချက်များနှင့်အတူ မက်တစ်ကို မဆိုင်းမတွပင် ပြန်တုံ့ပြန်သွားခဲ့သည်။

“ဖြစ်နိုင်တာတစ်ခုက ကျွန်တော်ရော၊ ဘရက်ခ် အိုဘားမား တို့နှစ်ယောက်စလုံးမှာ တူတာတစ်ခုကက ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အထင်အကြီးဆုံး ဗိုလ်ချုပ်ကြီး ဂျင်မက်တစ်ကို အလုပ်ထုတ်ပစ်နိုင်ခဲ့တာဖြစ်ပါတယ်၊ သူ့ဆီကနေ နုတ်ထွက်စာ တင်ဖို့ ကျွန်တော် တောင်းခဲ့တယ်၊ ဒါနဲ့ပတ်သက်လို့ ကြီးကျယ်ကောင်းမွန်တယ်လို့ ခံစားရပါတယ်” ဟု ထရမ့်က ဗုဒ္ဓဟူးနေ့ ညနေခင်း တွစ်တာကနေ ပြောသည်။

ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ မီလေက အမေရိကန်တပ်ဖွဲ့ဝင်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ကြရန် ပြောထားသည့် ထုတ်ပြန်စာတစ်စောင် ကြာသပတေးနေ့က ထုတ်ပြန်ရင်း ၎င်းသည်လည်း သမ္မတ ထရမ့်နှင့် သဘောကွဲလွဲကြောင်း ပြသခဲ့သည်။

အရန်တပ်ဖွဲ့ကို ပြည်နယ်များတွင် တပ်ဖြန့်အသက်သွင်းရန် ထရမ့်က ပြည်နယ်အုပ်ချုပ်ရေးမှူးများကို တောင်းဆိုခဲ့ချိန် အမျိုးသားအစောင့်တပ်သည် ဖက်ဒရယ် ထိန်းချုပ်မှုအောက်တွင် မရှိကြောင်း ယင်းစာထဲတွင် မီလေက ပြောထားသည်။

ဝါရှင်တန်ဒီစီကို ကာကွယ်ရန် သမ္မတက တပ်ဖွဲ့ဝင်များကို ခေါ်ခဲ့ချိန်တွင် အမေရိကန် စစ်တပ်အနေဖြင့် အမေရိကန်ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ မီလေက အဆင့်မြင့်စစ်ခေါင်းဆောင်များကို စာထဲတွင် ပြောထားသည်။

ယင်းစာထဲ စီနီယာအကျဆုံး အမေရိကန်စစ်အရာရှိကြီးတစ်ဦးထံမှ ထွက်လာသည့် တမူထူးခြားသော ထုတ်ပြန်ချက်တစ်စောင်ဖြစ်ပြီး ယင်းသည် ကာကွယ်ရေးဦးစီးချုပ်ကို တိုက်ရိုက်ညွန်းဆိုသည်မှာလည်း ရှင်းလင်းနေသည်။

ဗိုလ်ချုပ်ကြီး မီလေသည် တိုက်ခိုက်ရေးယူနီဖောင်း ဝတ်ဆင်လျက် စိန့်ဂျွန် ဘုရားကျောင်းရှေ့ ဓာတ်ပုံအရိုက်ခံရန် သမ္မတ ထရမ့်၏ နောက်ပါ အသင်းအပင်းနှင့်အတူ အိမ်ဖြူတော်ကနေ ထွက်လာခဲ့ပြီးနောက် အငြိမ်းစားဗိုလ်ချုပ်ကြီးများ၏ ပြစ်တင်မှုကိုခံခဲ့ရကာ ယခုကဲ့သို့ မီလေက ၎င်းအနေဖြင့် သမ္မတထရမ့်နှင့် ကင်းကွာကြောင်း ပြသရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

မီလေသည် ယင်းအခိုက်အတန့်တွင် ပါဝင်တော့မည် ဆိုပါက ၎င်းအနေဖြင့် ၎င်း၏ အစိမ်းရောင် ယူနီဖောင်းကို ဝတ်ထားခဲ့သင့်ကြောင်း အချို့က ပြောသည်။

မီလေ၏ ယူနီဖောင်း ရွေးချယ်မှုကို ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက ခုခံကာကွယ်သွားခဲ့ပြီး ယင်းသည် သင့်လျော်မှု ရှိသည်ဟု ဆိုသည်။ ယင်းမတိုင်မီ အငြိမ်းစား စစ်ဘက်ခေါင်းဆောင်များက ၎င်းတို့နှစ်ဦး၏ လုပ်ဆောင်ပုံကို အမျက်ဒေါသထွက်ခဲ့ပြီး ၎င်းတို့သည် စစ်တပ်ကို နိုင်ငံရေးသဘော သက်ဝင်အောင်လုပ်နေသည်ဟု သတိပေးသွားခဲ့ကြသည်။

ဝါရှင်တန်ဒီစီတွင် အဓိကရုဏ်းတွင် ပါဝင်သူများနှင့် အကြမ်းဖက် ဆန္ဒပြသူများကို နှိမ်နင်းရန် အင်အားပြသမှုတစ်ခု ကျင့်သုံးမည်ဟု ထရမ့်က အခိုင်အမာ ပြောထားခဲ့သော်လည်း အင်္ဂါနေ့ နှင့် ဗုဒ္ဓဟူးနေ ညတို့တွင် ယခင်ညများနှင့်ယှဉ်ပါက အခြေအနေသည် အတော်အတန် အေးအေးလူလူ ဖြစ်နေခဲ့ပြီး  နိုင်ငံတဝန်း ငြိမ်းငြိမ်းချမ်းချမ်းရှိသော ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly